ထားဝယ်၊ ဒီဇင်ဘာ ၅
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေ မဲစာရင်းလာမကြည့်ရင် အရေးယူခံမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ မြို့ခံတွေက သံလွငတိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ၁၄ ရက်အကြာ ကြေညာထားပေမယ့် လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးနေတာပါ။
အဲဒီအတွက်ကြောင့် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ အာဏာပိုင်တွေက ပြည်သူတွေ မဖြစ်မနေ မဲစာရင်း လာကြည့်ကြဖို့နဲ့ လာမကြည့်တဲ့သူတွေ အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာပါ။
ထားဝယ်မြို့ခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် ပြည်သူတွေ မဲစာရင်း လာရောက်စစ်ဆေးနေရတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ မဲစာရင်း လာကြည့်သူ မရှိသလောက် နည်းပါးနေတဲ့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်း လိုက်လံစစ်ဆေးပြီး မဲလာပေးကြဖို့ ဖိအာပေးတာတွေ ရှိနေပါတယ်။
ထားဝယ်မြို့မှာတော့ စစ်ကော်မရှင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လုံခြုံရေးအပြည့်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

