A member of parliament (MP) from the military holds a copy of the constitution as he speaks to other fellow MPs during a parliament meeting in Naypyitaw April 24, 2012. REUTERS/Soe Zeya Tun (MYANMAR - Tags: POLITICS MILITARY) - GM1E84O16FV01

မော်လမြိုင် ၊ ဒီဇင်ဘာ ၅

တော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်နေတာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုဖို့ ပြောလာပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၇ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ စစ်ခေါင်းဆောင်က တက်ရောက်မိန့်ခွန်းပြောကြားချိန်မှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ဘယ်လိုရလဒ်မှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့ လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲတာဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်လို့ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီလို့ ပြောပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ နိုင်ငံတော်က ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနက ဌာနမှူး နိုင်တလနိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်ဖက်ဒရယ်ပြည်ထောင်စုမှ တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အုပ်စုက ပြောပြောနေတဲ့ ဥပဒေ‌ဘောင်အတွင်းဆိုတာ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြောနေတာ ဖြစ်တယ်။ ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာက ဘယ်ဖက်ဒရယ် ပြည်‌ထောင်စုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီစစ်အုပ်စုကို ကျွန်တော်တို့ အမြစ်ဖြတ်တိုက်ထုတ်ပြီးတော့မှ ကျွန်တော်တို့ တိုင်းရင်းသားတွေ အားလုံး လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်နဲ့ အပေါင်းအပါတစ်စုရဲ့ ကောင်းစားရေးအတွက်ကိုပဲ ရှေးရှုပြီး ရေးဆွဲပြဌာန်းထားတဲ့ အခြေခံဥပဒေဖြစ်လို့ တိုင်းပြည်နဲ့ ကိုက်ညီမှာ မဟုတ်သလို အကျုံးဝင်မှာ မဟုတ်ဘူးလို့ သူက မှတ်ချက်ပြုပါတယ်။

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို စစ်ကော်မရှင်က ခေါင်းစဉ်အမျိုးမျိုးတပ် အကြောင်းအမျိုးမျိုးပြပြီး သူတို့နဲ့အတူ လာရောက်ပူးပေါင်းဖို့ အမြဲလိုလို ဖိတ်ခေါ်နေပြီး ဝင်ရောက်လာသူတွေလည်း ရှိတယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလေ့ရှိပါတယ်။

ဖိတ်ခေါ်ရာမှာလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် လွှတ်တော်၊ အစိုးရတို့နဲ့ ဆက်လက်ညှိနှိုင်း ဆွေနွေးသွားကြရမယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် မေနှောင်းပိုင်းမှာ အတည်ပြုပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆ (စ) အရ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တယ်လို့ ထည့်သွင်းထားတာပါ။

ဒါကြောင့် အဲဒီအခြေခံဥပဒေကနေ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ ပြည်သူလူထုရဲ့ ရွေးကောက်ခံစရာမလိုပဲ တပ်ချုပ်ရဲ့ ရွေးချယ်ခန့်အပ်မှုနဲ့ လွှတ်တော်ထဲ ဝင်ရောက်နေရာယူခွင့် ရှိပါတယ်။

ဒီအတွက်ကြောင့် လွှတ်တော်ထဲ အဆိုတစ်ခုခု တင်သွင်းတာဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတစ်ခုခုကို ပြင်ဆင်ချင်တာဖြစ်စေ မဲခွဲဆုံးဖြတ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ၇၅ ရာခိုင်နှုန်းကျော်မှသာ အနိုင်ရရှိမယ့် သဘောပါ။

တစ်ဘက်မှာ ဒုသမ္မတ တစ်နေရာနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စတဲ့ ဝန်ကြီးဌာနတွေမှာလည်း စစ်တပ်က အရာရှိတွေကို ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အခွင့်ပေးထားပါသေးတယ်။

ဒါကြောင့် တော်လှန်ရေးအင်အားစုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပြည်သူတွေ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြပြောဆိုထားကြတာပါ။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က စစ်ကော်မရှင်အနေနဲ့ နိုင်ငံရေးတရားဝင်မှု ရဖို့ ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် တွန်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီထွက်ပေါက်သည်သာလျှင် သူတို့အတွက် Legitimacy ဖြစ်တယ်။ တရားဝင်မှုကို ဖြစ်နိုင်မယ်လို့ သူတို့ ယုံကြည်ပြီးတော့ အခုလိုမျိုး ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် တွန်းနေခြင်းသာ ဖြစ်တယ်။ ဆိုတော့ တရားမျှတတာ လွတ်လပ်တာ သိက္ခာရှိတာဆိုတာတော့ ဘာတစ်ခုမှ အခုထက်ထိ ကျွန်တော်တို့ မတွေ့ရသေးဘူး။ ဒီအစား သူတို့ရဲ့ (စစ်အုပ်စု) နေ့စဉ် (လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှု) ချိုးဖောက်မှုတွေကို နေ့တိုင်း မှတ်တမ်းတင်ရတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေရတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူတို့အနေနဲ့ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

ဒီအပေါ် သူတို့ကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့က ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကို သတိပြုကြရမယ်လို့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားခဲ့တာပါ။

အထွေထွေရွေးကောက်ပွဲကိုတော့ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး အပိုင်းသုံးပိုင်းနဲ့ ကျင်းပဖို့ စစ်ကော်မရှင်က စီစဉ်ထားပြီး ကုလသမဂ္ဂအပါအဝင် ဥရောပပါလီမန်နဲ့ နိုင်ငံတကာကတော့ အဲဒီရွေးကောက်ပွဲကို အားပေးထောက်ခံခြင်း မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.