မော်စကို၊ ဒီဇင်ဘာ ၃

ဥရောပ အင်အားကြီးတွေအနေနဲ့ ရုရှားနဲ့ စစ်ပွဲ စတင်ခဲ့မယ်ဆိုရင် မော်စကိုက တိုက်ခိုက်ဖို့ အသင့်ရှိပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ညှိနှိုင်းဖို့အတွက်တောင် တစ်ယောက်မှမကျန်အောင် လုံးဝချေမှုန်းပစ်ဖို့ မိမိတို့ သင့်ရှိတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံး စစ်ပွဲ ဖြစ်တဲ့ ယူကရိန်းကို တိုက်ခိုက်နေတာ လေးနှစ်နီးပါး ကြာမြင့်လာချိန်မှာ ရုရှားဟာ သူ့တို့ထက် အများကြီး သေးငယ်တဲ့ အိမ်နီးချင်းနိုင်ငံအပေါ် အနိုင်မယူနိုင်သေးပါဘူး။

ယူကရိန်းကတော့ စူပါ အင်အားကြီး ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ဥရောပ အင်အားကြီးနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ခုခံ တိုက်ခိုက်နေပါတယ်။

ယူကရိန်းစစ်ပွဲမှာ ပူတင်သာ အနိုင်ရသွားမယ်ဆိုရင် သူဟာ နေတိုးအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံကို ဆက်လက် တိုက်ခိုက် နိုင်တယ်လို့ ယူကရိန်းနဲ့ ဥရောပ အင်အားကြီး နိုင်ငံတွေက အကြိမ်ကြိမ် သတိပေးထားပေမယ့် ပူတင်က အဓိပ္ပါယ် မရှိတဲ့ ပြောဆိုမှုအဖြစ် အကြိမ်ကြိမ် ပယ်ချထားပါတယ်။

ဥရောပက ရုရှားကို စစ်ခင်းဖို့ ကြိုတင်ပြင်ဆင်နေတယ်ဆိုတဲ့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတိုရဲ့ ပြောဆိုမှုကို ကိုးကားပြီး ရုရှား မီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်က မေးမြန်းရာမှာ ပူတင်က ရုရှားအနေနဲ့ ဥရောပနဲ့ စစ်ပွဲကို မလိုလားဘူးလို့ တုံ့ပြန်ပါတယ်။

ဥရောပက ကျွန်တော်တို့နဲ့ စစ်တိုက်ချင်လာပြီး စစ်ပွဲကို ရုတ်တရက် စတင်ခဲ့မယ်ဆိုရင် ရုရှားနဲ့ ညှိနှိုင်းဖို့ တစ်ယောက်မှ မကျန်ရစ်တော့လောက်အောင် ဥရောပအတွက် အရမ်း မြန်မြန်ဆန်ဆန် စစ်ပွဲ ပြီးဆုံးသွားပါလိမ့်မယ်လို့ ပူတင်က ပြောပါတယ်။

ဒီလို ပြောဆိုရာမှာ ပူတင်က စစ်ပွဲဆိုတဲ့ စကားလုံးကို ရုရှားဘာသာစကားနဲ့ သုံးနှုန်းသွားတာ တွေ့ရပါတယ်။

ယူကရိန်းစစ်ပွဲဟာ ရာနှုန်းပြည့် တိုက်ခိုက်နေတဲ့ စစ်ပွဲ မဟုတ်သေးဘဲ ရုရှားက ခွဲခြမ်းစိတ်ဖြာတဲ့အနေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး ဥရောပ အင်အားကြီးနိုင်ငံတွေနဲ့ တိုက်ရိုက် ရင်ဆိုင်ချိန်မှာတော့ အဲဒီလို ထပ်ပြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ပူတင်က ယူကရိန်းသို့ စစ်သား ထောင်ပေါင်းများစွာ စေလွှတ်ခဲ့တာကြောင့် စစ်အေးစစ်ပွဲ အားအကောင်းဆုံး ကာလနောက်ပိုင်း အနောက်တိုင်းနဲ့ ရုရှားကြား အကြီးမားဆုံး ထိပ်တိုက်တွေ့မှု တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

စစ်ပွဲအတွင်း ရုရှားနဲ့ ယူကရိန်း လူအင်အား ၁ ဒသမ ၂ သန်းကျော် သေဆုံးသွားပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။ စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းကရော ရုရှားကပါ တစ်ခုမှ ဖော်ပြထားတာ မရှိပါဘူး။

ရုရှား ငြိမ်းချမ်းရေး မလိုချင်ပါဘူးလို့ စွပ်စွဲလို့ရအောင် ဥရောပ အင်အားကြီးနိုင်ငံတွေက မော်စကိုအနေနဲ့ လက်မခံနိုင်လောက်ဘူးဆိုတာကို သိသိကြီးနဲ့ အဆိုပြုချက်တွေ တင်ပြပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေကို တားဆီးနေတယ်လို့ ပူတင်က စွပ်စွဲထားပါတယ်။

ပင်လယ်နက်မှာ ရုရှားရဲ့ ကိုယ်ပျောက် လောင်စာတင်သင်္ဘော အုပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ပင်လယ်ပြင်သို့ ယူကရိန်း လုံးဝ ဝင်ရောက်လို့ မရအောင် တားဆီးမယ်လို့လည်း ပူတင်က ခြိမ်းခြောက်ထားပါတယ်။

ယူကရိန်း စစ်ပွဲအတွင်း ပူတင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပြီး နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ထားပေမယ့် အခုအချိန် အထိတော့ ဘာမှ ထူးမလာသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.