ဘေဂျင်း၊ တိုကျို၊ ဒီဇင်ဘာ ၃
အရှေ့တရုတ်ပင်လယ်ရှိ ပထဝီနိုင်ငံရေးအရ အတိမ်းအစောင်း မခံနိုင်တဲ့ ကျွန်းစုအနီး ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့မှုနဲ့ ပတ်သက်လို့ ဂျပန်နဲ့ တရုတ် ကမ်းခြေစောင့်တပ်တို့ရဲ့ ပြောဆိုမှုတွေ ကွဲလွဲနေပါတယ်။
တိုကျိုက ဆန်ကာကူ ကျွန်းစုလို့ ခေါ်တဲ့ တီယာအိုယုကျွန်း ရေပြင်သို့ ဂျပန် ငါးဖမ်းလှေ တစ်စီး တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်တာပါ။

အဲဒီကျွန်းစုကို ဂျပန်က အုပ်ချုပ်နေတာ ဖြစ်ပေမယ့် တရုတ်က သူတို့ပိုင်တဲ့ ကျွန်းတွေဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ကတော့ အဲဒီ ငါးဖမ်းလှေအနီးသို့ တရုတ် ကမ်းခြေစောင့် သင်္ဘော နှစ်စီး ချဉ်းကပ်လာတာကြောင့် ကြားဖြတ် တားဆီးမောင်းထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ထိုင်ဝမ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လက ဂျပန် ဝန်ကြီးချုပ်ရဲ့ အငြင်းပွားစရာ ပြောဆိုမှုတွေကြောင့် နှစ်နိုင်ငံကြား သံတမန်ရေး အငြင်းပွားမှု ပိုမို ဆိုးရွားလာနေချိန်မှာ အခုလို ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလက လွှတ်တော်တွင်း မေးခွန်း တစ်ခုကို တုံ့ပြန်ရာမှာ တရုတ်နဲ့ သူ့ရဲ့ ဒေသတွင်း လှုပ်ရှားမှုတွေကို ဝေဖန်လေ့ရှိတဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ထိုင်ဝမ်ကို ဘေဂျင်းက တိုက်ခိုက်လာရင် တိုကျိုအနဲ့ စစ်ရေးအရ ကြားဝင်ပါရနိုင်တယ်လို့ ပြောကြားခဲ့ တာပါ။
ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ဘေဂျင်းက သူတို့ ကိုယ်ပိုင်နယ်နိမိတ် တစ်ခု အဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းရေး အင်အားအသုံးပြုမှုကို ပယ်ချမထားဘူးလို့ ပြောထားပါတယ်။
အဲဒီနောက်ပိုင်း နှစ်နိုင်ငံစလုံး အပြန်အလှန် ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိခဲ့ပြီး ပိုမို ကျယ်ပြန့်လာတဲ့ အငြင်းပွားမှုကြောင့် နှစ်နိုင်ငံစလုံးရှိ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ ထိခိုက်ခဲ့ရပါတယ်။
ထိုင်ဝမ်ဟာ ဆန်ကာကူကျွန်းစုရဲ့ အနောက်ဖက် ၁၆၀ ကီလိုမီတာလောက်မှာ တည်ရှိတာ ဖြစ်ပါတယ်။
တရုတ်ပိုင် တီယာအိုယုကျွန်းရဲ့ နယ်နိမိတ်ဆိုင်ရာ ရေပြင်သို့ တရားမဝင် ဝင်ရောက်လာတဲ့ ဂျပန် ငါးဖမ်းလှေအနီးသို့ တရုတ်သင်္ဘောတွေ ချဉ်းကပ်သွားပြီး သတိပေး မောင်းထုတ်လိုက်တယ်လို့ တရုတ် ကမ်းခြေစောင့်တပ် (CCG) ပြောရေးဆိုခွင့်ရှိသူ လွီတီကျန်းက ပြောကြားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
အဲဒီ ကျွန်းတွေဟာ တရုတ်နယ်နိမိတ် ဖြစ်တယ်လို့ လွီတီကျန်းက ပြောကြားပြီး (CCG) က ဥပဒေ စည်းကြပ်ရေး လိုအပ်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဖြည့်စွက် ပြောပါတယ်။
အဲဒီ ရေပြင်မှာ ပိုင်နက် ချိုးဖောက်ဝင်ရောက်တဲ့ လုပ်ရပ်တွေ ရန်စတဲ့ လုပ်ရပ်တွေ အားလုံးရပ်တန့်ဖို့လည်း သူက ဂျပန်ကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ် JCG ရဲ့ ပြောဆိုမှုက အနည်းငယ် ကွဲပြားပြီး ဒီဇင်ဘာ ၂ ရက် စောစောပိုင်းက တရုတ်သင်္ဘောတွေ ဂျပန်ရေပြင်ထဲ ဝင်ရောက်လာတာကို မြင်တွေ့ရပြီးနောက် အချိန်တိုအတွင်းမှာပဲ ကမ်းခြေစောင့်တပ်က ချဉ်းကပ်သွားပြီး ချက်ချင်း ထွက်သွားဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။
နောက်နာရီ အနည်းငယ်အကြာ တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောတွေ ထွက်ခွာသွားချိန်အထိ မိမိတို့ ငါးဖမ်းလှေအတွက် JCG ကင်းလှည့်သင်္ဘောက လုံခြုံရေးယူပေးခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
အရှေ့တရုတ်ပင်လယ်ရှိ အရင်းအမြစ်တွေကို ပူးတွဲသုံးစွဲရေး ဂျပန်နဲ့ တရုတ်တို့ ၂၀၀၈ ခုနှစ်မှာ မူအားဖြင့် သဘောတူညီခဲ့ကြပေမယ့် နှစ်နိုင်ငံကို ခြားနားထားတဲ့ အဲဒီ ရေပြင်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ခွဲအတွင်း အရှိန်မြင့်တက်လာခဲ့ ပါတယ်။
လူမနေတဲ့ အဲဒီကျွန်းစုဟာ နှစ်နိုင်ငံကြား အငြင်းပွားမှုအတွင်း တင်းမာမှု ဖြစ်လေ့ အများဆုံး နေရာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ကာကွယ်နိုင်မှု စွမ်းရည်ကို သွေးတိုးစမ်းပုံရတဲ့ လုပ်ရပ်တွေအဖြစ် တရုတ်က အဲဒီကျွန်းစု အနီးသို့ သင်္ဘောတွေ တိုးမြှင့်စေလွှတ်နေပါတယ်။
Ref:BBC

