မော်လမြိုင် ဒီဇင်ဘာ ၃

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေကြောင့် လူသေဆုံးဒဏ်ရာရသူဟာ ၂၀၂၄ ခုနှစ်အရောက် လေးနှစ်တာကာလအတွင်း အမြင့်ဆုံးရောက်လာကြောင်း၊ သေဆုံးသူအများဆုံးနိုင်ငံစာရင်းမှာ မြန်မာနဲ့ ဆီးရီးယားတို့ ဆက်လက်ဦးဆောင်နေတယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ ၂၀၂၅ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေအတွင်း အခုလို မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးသူအရေအတွက်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် လေးနှစ်တာကာလအတွင်း ၃၇၀၆ ဦးအထိ ရှိတယ်လို့ အဲဒီအစီရင်ခံစာမှာ ရေးပါတယ်။ ဒါဟာ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေသာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းက မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအခြေအတွေကို စောင့်ကြည့်နေတဲ့ Landmine Monitor အဖွဲ့ရဲ့ အစီရင်ခံစားထဲမှာတော့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ၁၉၄၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၃၂၅ ရှိတာကြောင့် စုစုပေါင်းအရေအတွက်ဟာ ၆၀၀၀ ဝန်းကျင်ဖြစ်ပြီး အဲဒီအထဲက ၃ ပုံ ၁ ပုံဖြစ်တဲ့ ၂၀၀၀ ကျော်ဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေထဲက ၉၀ ရာခိုင်နှုန်းနီးပါးဟာ အရပ်သားပြည်သူတွေဖြစ်ပြီး အဲဒီအထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံး ပါဝင်နေတာပါ။

မြေမြှုပ်မိုင်း ပိတ်ပင်ရေး စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ရုရှားနဲ့ မြန်မာတို့ဟာ မြေမြှုပ်မိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုုနေကြတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ မိုင်းပိတ်ပင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ အခုသီတင်းပတ်အတွင်း ဂျနီဗာမြို့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.