ဝါရှင်တန်၊ ဒီဇင်ဘာ ၃

ထရန့်အစိုးရက အမျိုးသားလုံခြုံရေး၊ အများပြည်သူ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို အကြောင်းပြပြီး ဥရောပ မဟုတ်တဲ့ နိုင်ငံ ၁၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ လျှောက်ထားလာတဲ့ အစိမ်းရောင်ကတ် ထုတ်ပေးမှုနဲ့ အမေရိကန်နိုင်ငံသား လျှောက်ထားမှုတို့ အပါအဝင် ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားမှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၂ ရက်က ပြောကြားပါတယ်။

အဲဒီ ရပ်ဆိုင်းမှုမှာ ဇွန်လက ခရီးသွားလာခွင့် တစ်စိတ်တစ်ပိုင်း တားမြစ်ထားပြီးဖြစ်တဲ့ နိုင်ငံ ၁၉ နိုင်ငံက လူတွေ အကျုံးဝင်နေပြီး ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်လို့ နောက်ထပ် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံများ စာရင်းမှာ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ ဆိုမာလီယာတို့ ပါဝင်နေပါတယ်။

တရားဝင် ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်မှာ အမေရိကန် အမျိုးသား အစောင့် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မူဝါဒ အသစ်ကို ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွက် သံသယရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ စွဲချက်တင်ဖို့ စီစဉ်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း အမျိုးသား အစောင့်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။

ထရန့်က ဆိုမာလီယာနိုင်ငံသားတွေဟာ သုံးမရတဲ့ အမှိုက်တွေ ဖြစ်ပြီး မိမိတို့ နိုင်ငံက အလိုမရှိသူတွေ ဖြစ်တယ်လို့လည်း မကြာသေးခင်က ပြောဆိုထားပါတယ်။

ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ထရန့်က ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာဥပဒေ စည်းကြပ်မှုကို တင်းကြပ်ထားပြီး ဖက်ဒရယ် အေးဂျင့်တွေ အများကြီးကို အမေရိကန်ရဲ့ မြို့တွေဆီ ပို့ဆောင်ပြီးတော့ အမေရိကန်- မက္ကစီကို နယ်စပ်မှာ ခိုလှုံခွင့် တောင်ခံသူတွေကို မောင်းထုတ်နေပါတယ်။

အခုတားမြစ်လိုက်တဲ့ နိုင်ငံတွေ စာရင်းမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂို ပြည်ထောင်စု၊ အီကွေတိုရီရယ် ဂီနီယာ၊ အီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပြီး အများစုဟာ ဇွန်လက ပြုလုပ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်မှု ကန့်သတ်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဇွန်လက တစ်စိတ်တစ်ပိုင်း ကန့်သတ်ခဲ့တဲ့ ၁၉ နိုင်ငံ စာရင်းက တခြား နိုင်ငံတွေကတော့ ဘူရွမ်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရီယာ လီယွန်၊ တွန်ဂို၊ တက်ခမန်နစ္စတန်နဲ့ ဗင်နီဇွဲလား နိုင်ငံတို့ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.