မကွေး ဒီဇင်ဘာ ၃

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ထွေအုပ်စာရေးမ တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှာနေထိုင်တဲ့ ထွေအုပ်စာရေး ဒေါ်ခင်နီလာ ပစ်ခတ်ခံရတာဖြစ်ပြီး နေရာတင်သေဆုံးသွားတာလို့သိရပါတယ်။

“အချင်းချင်း ဝေစုမတည့်လို့ပစ်ခတ်ခံရတာလို့သိရတယ်။ လာပစ်သွားတာကလည်း အမျိုးသမီးနှစ်ယောက်လို့ သိရတယ်။ စရဖ လို့သူများတွေပြောတဲ့ မောင်နိုင် အိမ်ထဲမှာပစ်သွားတာလို့ သိရတယ်။” လို့ ​ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာလ ၂ ရက် ည ၇ နာရီအချိန်မှာ လယ်ကိုင်းကျေးရွာ တောင်ဘက်အဝင်က စရဖ ဆိုသူ ကိုမောင်နိုင်အိမ်ကို အမျိုးသမီးနှစ်ဦးက ဝင်ရောက်ပစ်ခတ်တာဖြစ်ပြီး ပစ်ခတ်ချိန်မှာ ဒေါ်ခင်နီလာ ရှိနေခဲ့တာလို့ သိရပါတယ်။

ဒေါ်ခင်နီလာကို သေနတ် ၃ ချက် မှန်ပြီး နေရာတင်သေဆုံးကာ တရားခံတွေ ဖမ်းမိ မမိ ကိစ္စနဲ့ပတ်သက်လို့တော့ နောက်ဆက်တွဲမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်ခင်နီလာရဲ့ အလောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်ပြီးတော့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ထွေအုပ်ရုံးဘက်မှာစုဝေးနေကြတယ်လို့ သိရပါတယ်။

ဒေါ်ခင်နီလာ ပစ်ခတ်ခံရတဲ့ လယ်ကိုင်းကျေးရွာဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးနယ်မြေနဲ့ အလှမ်းဝေးပြီး စစ်ကောင်စီ ဂိတ်တွေ၊ ရဲစခန်းတွေအထိုင်ချရာနေရာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.