ထားဝယ်၊ ဒီဇင်ဘာ ၃

ရွေးကောက်ပွဲ မဲပေးနိုင်ဖို့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နိုင်ငံရေးအကျဉ်းသား ၂၉ ဦးသာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက်ဆိုပြီး နိုင်ငံတဝန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့တို့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တို့မှာ စစ်ကော်မရှင်က မွန်ပြည်နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်က အကျဉ်းသား ၄ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ သထုံထောင်က အကျဉ်းသား ၅ ဦးနဲ့ တနင်္သာရီတိုင်း ထားဝယ်ထောင်က အကျဉ်းသူ ၂ ဦးနဲ့ အကျဉ်းသား ၃ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး လွှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ထားဝယ်အကျဉ်းထောင်က အကျဉ်းသား ၁၀ ဦးနဲ့ အကျဉ်းသူ ၃ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၅၅၀၀ ကျော်ကိုလည်း အမှုဖျက်သိမ်းပေးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

PPNM ရဲ့ အချက်အလက်တွေအရ စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းမှာ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၈၅၀ ဦး ပြန်လည်လွတ်မြောက်လာပြီး အများစုဟာ လွတ်ရက်စေ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.