မောတောင်၊ နိုဝင်ဘာ ၁၅

ထိုင်း-မြန်မာနယ်စပ်က ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ ကျော် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးမဟာပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

မောတောင်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ဆင်နွှဲခဲ့တာ ဖြစ်ပြီး ၃ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်သလို မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၀ ထက်မနည်း ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဆီကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

မြို့သိမ်းတိုက်ပွဲကို KNLA တပ်မဟာ (၄) က တပ်ရင်း ၂၀၃၊တပ်ရင်း(၁၁)၊KNDOတပ်ရင်း(၇)၊ တပ်ရင်း ၁၂၊ BPLA ၊ FFD တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မောတောင်မြို့သိမ်း တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၂၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်အနီး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးပါဘူး။

မောတောင်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ တနင်္သာရီတိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ဒီမြို့ကို KNU က နှစ်ပေါင်း ၃၅ နှစ်အကြာမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – FFD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.