ဒါကာ၊ နိုဝင်ဘာ ၁၄
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမယ့် တစ်ရက်တည်းမှာပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လူထုဆန္ဒခံယူပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ယာယီခေါင်းဆောင် မိုဟာမက် ယူနာ့စ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လူထုအုံကြွမှုအပြီး တာဝန်ယူခဲ့ရပြီးနောက် လုံးလုံးလျားလျား ပြိုလဲနေတဲ့ နိုင်ငံရေးစနစ် တစ်ခုကို အမွေဆက်ခံခဲ့ရတယ်လို့ အသက် ၈၅ နှစ်အရွယ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ယူနာ့စ်က ပြောပါတယ်။

မိမိ အဆိုပြုထားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဟာ အာဏာရှင် အုပ်ချုပ်မှု ပြန်ဖြစ်မလာစေရေး အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တယ်လို့ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ချ် ပြည်သူတွေကို ယူနာ့စ်က ပြောဆိုပါတယ်။
လာမယ့် လွှတ်တော် ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာပဲ လူထု ဆန္ဒခံယူပွဲ ကျင့်ပသွားမှာ ဖြစ်ကြောင်း ယူနာ့စ်က နိုင်ငံတော်မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ အရှိန်မြှင့် စည်းရုံးနေကြချိန် တင်းမာမှုတွေ မြင့်တက်နေပြီး မဲဆွယ်မှု စတင်တဲ့နေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှု ရှိခဲ့ပါတယ်။
ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးများ အနေနဲ့ နိုဝင်ဘာ ၁ ၇ရက်မှာ အများ မျှော်လင့်နေတဲ့ အမိန့် ချမှတ်သွားမယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ပြောထားပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကို အကြမ်းဖက် နှိမ်နှင်းဖို့ ညွှန်ကြားမှုနဲ့ အမှု လာရောက် ရင်ဆိုင်ရေး အိန္ဒိယကနေ ပြန်လာဖို့ ဘင်္ဂလားဒေ့ချ် တရားရုံးရဲ့ ညွှန်ကြားချက်ကို ၇၈ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာက အာခံပြီး အိန္ဒိယမှာ ဆက်လက် ခိုလှုံနေပါတယ်။
ဟာဆီနာက စွဲချက်အားလုံးကို ပယ်ချထားပြီး သူ့အပေါ် တရားစွဲဆိုမှုဟာ ဥပဒေလုပ်ငန်း ဆိုင်ရာပျက်လုံး တစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမတိုင်ခင် အာဏာရဖို့ အသဲအသန်ကြိုးပမ်းနေကြတဲ့ နိုင်ငံရေးပါတီတွေကြား ပြင်းပြင်းထန်ထန် အငြင်းပွားနေကြ ပါတယ်။
ပြုပြင် ပြောင်းလဲရေးအစီအစဉ်က အမှုဆောင်အရာရှိတွေ၊ ဥပဒေရေးရာ အရာရှိတွေနဲ့ ဥပဒေပြုရေး အဖွဲ့တွေကြား စစ်ဆေးထိန်းညှိမှု အားကောင်းလာစေရေး၊ ဝန်ကြီးချုပ် ရာထူးသက်တမ်းကို နှစ်ကြိမ် ကန့်သတ်ရေး သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုပေးရေး အဆိုပြုထားတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ်ကို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နိုင်ငံအဖြစ် အသိအမှတ်ပြုရေးလည်း အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် လူထုဆန္ဒ ခံယူပွဲ မဲပေးသူတွေအနေနဲ့ ထောက်ခံ၊ မထောက်ခံ မဲပေးကြရမှာ ဖြစ်တယ်လို့ ယူနာ့စ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ချ်မှာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေချိန် ယူနာ့စ် အစိုးရနဲ့ ဆက်နွယ်တဲ့ အဆောက်အဦတွေ ခရစ်ယာန်ဘာသာနဲ့ ဆက်နွယ်တဲ့ နေရာတွေ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက် တိုက်ခိုက်ခံနေရပါတယ်။
Ref:AFP

