ဝါရှင်တန်၊ နိုဝင်ဘာ ၁၃
အစိုးရဌာနများ ပြန်လည် ဖွင့်လှစ်ရေး ငွေသုံးစွဲရေး ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ် ထရန့်က လက်မှတ်ရေးထိုးလိုက်တာကြောင့် အမေရိကန် ရာဇဝင်မှာ အရှည်ကြာဆုံး အစိုးရဌာနများ ပိတ်သိမ်းထားမှု အဆုံးသတ်သွားခဲ့ပါတယ်။
အထက်လွှတ်တော်က မဲကွာဟချက် အနည်းငယ်နဲ့ အတည်ပြုခဲ့ပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်ညမှာ အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ၂၂၂ မဲ၊ ၂၀၉ မဲနဲ့ အတည်ပြုခဲ့တဲ့ ရေတိုရန်ပုံငွေ ထောက်ပံ့ရေး ဥပဒေကြမ်းကို ထရန့်က နာရီပိုင်းအတွင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အစိုးရဌာနတွေ ၄၃ ရက်ကြာ ပိတ်ထားခဲ့ရတာကြောင့် ပြည်သူအများ ဆိုးဆိုးရွားရွား ထခိုက်ခဲ့ရပြီးနောက် အခုကစလို့ အစိုးရဌာနတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်သွားတော့မှာ ဖြစ်တယ်လို့ ထရန့်က ဘဲဥပုံရုံးခန်းကနေ ပြောလိုက်ပါတယ်။
အောက်တိုဘာလကည်းက အစိုးဌာန အများအပြားကို ပိတ်ထားခဲ့ရပြီး ဖက်ဒရယ် အလုပ်သမား ၁ ဒသမ ၄ သန်းလောက်ဟာ လစာမရဘဲ ခွင့်ယူရတာ ဒါမှမဟုတ် လစာမရဘဲ အလုပ်လုပ်ပေးခဲ့ရပါတယ်။
စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်လည်း မသေချာမရေရာ ဖြစ်ခဲ့ပြီး နိုင်ငံတဝှမ်း လေကြောင်းခရီးစဉ်တွေလည်း အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

လေကြောင်း ခရီးသွားလာရေး အနှောင့်အယှက် ဖြစ်မှုတွေဟာ လာမယ့် ကျေးဇူးတော်နေ့ အားလပ်ရက် မတိုင်ခင် ပြေလည်သွားမယ်လို့ မျှော်လင့်ရပြီး အစိုးရဌာနတွေ လာမယ့် ရက်ပိုင်းအတွင်း ပြန်ဖွင့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အစိုးရဌာနတွေ ပိတ်ထားရတာကြောင့် ဝန်ထမ်းအင်အား မလုံလောက်တဲ့အတွက် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးဌာနက လေကြောင်း ခရီးစဉ်တွေ လျှော့ချခဲ့ရပါတယ်။
ဒီအခြေအနေကြောင့် မြို့တော်ဆီ နိုဝင်ဘာ ၁၂ ရက်က မဲခွဲဆုံးဖြတ်ဖို့လာတဲ့ လွှတ်တော် အမတ်တွေအပေါ်ကိုလည်း တိုက်ရိုက် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ဝင်ကောင်ဆင်ပြည်နယ် လွှတ်တော်အမတ် ဒါးရစ် ဗန် အော်ဒန်ဟာဆိုရင် မိုင်ပေါင်း ၁၀၀၀ နီးပါး မော်တော်ဆိုင်ကယ် စီးလာပြီး လွှတ်တော်သို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု အတည်ပြုလိုက်တဲ့ ဥပဒေအရ အစိုးရအဖွဲ့ကို ဇန်နဝါရီ ၃၀ ရက် အထိပဲ ရန်ပုံငွေ ထောက်ပံ့နိုင်မှာ ဖြစ်ပြီး အဲဒီနောက်ပိုင်း ရန်ပုံငွေ ဆက်လက် ထောက်ပံ့ရေး လွှတ်တော်အမတ်တွေ တခါပြန် ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်။
Ref:BBC

