သထုံ၊ နိုဝင်ဘာ ၁၃
မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ကမ္ဘောဇဘဏ် ၂ အရှေ့မှာ ပြည်သူ့စစ်မှုထမ်း သင်တန်းပို့မယ့် လူငယ် လေးဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ သထုံမြို့အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်းတန်းကျောင်းတပ်ထံ ပို့ဆောင်မယ့် လူငယ်တွေဟာ လမ်းကျဉ်းပြီးလူရှုပ်နေတဲ့ ကမ္ဘောဇဘဏ် ၂ အရှေ့အရောက်မှာ ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတာပါ။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ အဲဒီလူငယ် လေးဦးဟာ ကျောင်းလွတ်ချိန်အနီး ကားလမ်းတွေ ပိတ်နေတဲ့အချိန်မှာ ကားပေါ်ကနေ ထွက်ပြေးသွားတဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားတွေကို စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးခဲ့ပေမယ့် လူရှုတ်နေတဲ့အချိန် ဖြစ်တာကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်သားစုဆောင်းခံရသူတွေကို စစ်ကော်မရှင်တပ် လိုက်လံဖမ်းဆီးစဉ် စစ်ကားတွေဟာ လမ်းအလယ်မှာ ရပ်ထားတာကြောင့် ခရီးသွားကားတွေနဲ့ကျောင်းကြိုကားတွေ ပိတ်မိနေကာ ယာဉ်ကြောပိတ်ဆို့မှု နာရီဝက်ကျော် ဖြစ်ပွားခဲ့တာပါ။
စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ အဆိုအရ ဒီလူငယ်တွေဟာ မော်လမြိုင်စုဆောင်းရေးတပ်ကနေ အမှတ် ၉ လေ့ကျင့်ရေးတပ်ထံ ပို့ဆောင်မယ့် စစ်မှုထမ်း စုဆောင်းခံထားရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စစ်မှုထမ်းတပ်သားစုဆောင်းခံရသူတွေကို သထုံမြို့အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး သင်းတန်းကျောင်းတပ်နဲ့ သံဖြူဇရပ်အခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်တွေမှာ သင်တန်းပို့ချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

