သထုံ၊ နိုဝင်ဘာ ၁၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပစိုစောစိုးမြင့်အပါအဝင် ၂၂ ဦးကို ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။

KNU သထုံခရိုင်ဟာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် နိုဝင်ဘာ ၅ ရက်နေ့က သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်နဲ့ အဖွဲ့ဝင် ၂၂ ဦးကိုတော့ အထွေထွေရွေးကောက်ပွဲ နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(ခ) နဲ့ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ အမှုဖွင့်အရေးယူမှုအပေါ် ဂရုမစိုက်ကြောင်းနဲ့ KNU ရဲ့ မူဝါအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU သထုံခရိုင်က စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်တဲ့ သက်ဆိုင်သူတွေရဲ့စုပေါင်းခေါင်းဆောင်မှုတွေနဲ့အတူ အင်အားစုတစ်ခု ဖွဲ့စည်းထူထောင်ပြီး တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ အာရက္ခတပ်တော် AA ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ၁၇ ဦး တို့ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူတွေကို ရွေး ကောက်ပွဲကာကွယ်ပေးရေး ဥပဒေနဲ့ ဆက်တိုက်ဆိုသလို အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.