ဝါရှင်တန်၊ နိုဝင်ဘာ ၁၂
အမေရိကန်စစ်ပြန်တွေကို ဂုဏ်ပြုတဲ့ နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန် အစိုးရဌာနတွေ အရှည်ကြာဆုံး ပိတ်သိမ်းထားရမှုနဲ့ ပတ်သက်လို့ ပြိုင်ဖက် ဒီမိုကရက်တို့အပေါ် အောင်ပွဲရလိုက်တယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာပြောလိုက်ပါတယ်။
လွှတ်တော်ဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်စေရေး လမ်းပွင့်သွားစေမယ့် သဘောတူညီမှုအတွက် ဒီမိုကရက်တို့က နိုဝင်ဘာ ၁၀ ရက်က ရီပက်ဘလေကန်တွေနဲ့အတူ ထောက်ခံမဲပေးခဲ့ကြတဲ့ အချက်ကို ထရန့်က အမိအရ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာလင်တွန် အမျိုးသားသုသာန်မှာ ကျင်းပတဲ့ စစ်ပြန်များနေ့ အခမ်းအနား တက်ရောက်လာသူတွေထဲ ရီပက်ဘလေကန် လွှတ်တော်အမတ် မိုက် ဂျွန်ဆင်ကို သတိပြုမိသွားချိန်မှာ ထရန့်က အရမ်းကြီးမားတဲ့ အောင်ပွဲအတွက် ဂုဏ်ပြုပါတယ်လို့ ပြောကြားခဲ့တာပါ။
အစိုးရဌာနတွေ ပိတ်ထားရမှုကြောင့် ဖက်ဒရယ်အလုပ်သမား တစ်သန်းလောက် လုပ်ခလစာ မရဖြစ်ခဲ့ပြီး အားလပ်ရက်ရာသီ မတိုင်ခင် လေကြောင်းခရီးသွားလာမှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရသလို ဝင်ငွေနည်း အိမ်ထောင်စုတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ အန္တရာယ်ကျရောက်ခဲ့ပါတယ်။

ဇန်နဝါရီအထိ အစိုးရအဖွဲ့ကို ရန်ပုံငွေထောက်ပံ့မယ့် သဘောတူညီချက် တစ်ရပ်ကို အထက်လွှတ်တော် ဒီမိုကရက်အမတ် ၈ ဦးက ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ဖို့ ရှိနေတာကြောင့် အမေရိကန် အစိုးရဌာနတွေ ပိတ်သိမ်းထားရမှုဟာ နိုဝင်ဘာ ၁၄ ရက်လောက်မှာ အဆုံးသတ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ရပ်ကြောင့် ဒီမိုကရက်တို့ကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာပြီး သူတို့အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ကြေးပေးမှု သက်တမ်းတိုးရေး တောင်းဆိုခဲ့သင့်တယ်လို့ ပြောဆိုနေကြပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ကြေးပေးတဲ့ကိစ္စဟာ အစိုးရဌာနတွေ ပိတ်သိမ်းထားရမှု တိုက်ပွဲရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်သုံးခုက ရွေးကောက်ပွဲတွေမှာ အနိုင်ရတဲ့အတွက် ဒီမိုကရက်တို့ အောင်ပွဲခံပြီးနောက်ရက်ပိုင်းအကြာမှာ အဲဒီ သဘောထား ကွဲလွဲမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြည်နယ်သုံးခုက ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တို့ပဲ အနိုင်ရခဲ့တာကြောင့် နေထိုင်စားသောက်မှု ကုန်ကျစရိတ် ပြဿနာနဲ့ ပတ်သက်လို့ ထရန့်အစိုးရအပေါ် ဖိအား ပိုများလာခဲ့ ပါတယ်။
အစိုးရဌာနတွေ ပိတ်သိမ်းထားမှုအတွင်း ထုတ်ပယ်ခဲ့တဲ့ ဖက်ဒရယ် အလုပ်သမားတွေကို အလုပ်ပြန်ခန့်မယ့် သဘောတူညီမှုမှာ ပါရှိတဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာမယ်လို့ ထရန့်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောထားပါတယ်။
အမေရိကန်သမ္မတတွေဟာ စစ်မှုထမ်းတွေကို မိန့်ခွန်းပြောကြားရာမှာ နိုင်ငံရေးအရ ပါတီစွဲ ပြောဆိုမှုကို ရှောင်ရှားလေ့ရှိကြပေမယ့် ထရန့်ကတော့ တစ်ခါပြန် အစဉ်အလာ ချိုးဖောက်ပြီး အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် စစ်ပြန်များနေ့ကို ပထမကမ္ဘာစစ်အောင်ပွဲနေ့ အဖြစ် ပြောင်းလဲသတ်မှတ်ပြီး မေ ၈ ရက်ကိုလည်း ဒုတိယ ကမ္ဘာစစ်အောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်မယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
Ref:AFP

