ဘန်ကောက်၊ နိုဝင်ဘာ ၁၂
မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ ဆက်စပ်တဲ့ လုပ်ရပ်အားလုံးကို ထိုင်းအစိုးရက ရပ်ဆိုင်းထားပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ရေး လိုအပ်တဲ့ စစ်ဆင်ရေးတွေ အပြည့်အဝ ပြုလုပ်ဖို့ စစ်တပ်ကို ခွင့်ပြုထားပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းနယ်စပ် ဆီဆာခတ် ပြည်နယ်မှာ နိုဝင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ဦးဆောင်ပြီး နိုဝင်ဘာ ၁၁ ရက်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပခဲ့ပါတယ်။

အစည်းအဝေး တက်ရောက်သူတွေက အခြေခံမူ သုံးချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးအပြီးမှာ ကာကွယ်ရေးဝန်ကြီး နာတာဖွန်က ပြောပါတယ်။
ထိုင်းနယ်နိမိတ်အတွင်း မြေမြှုပ်မိုင်းတွေ ရှိနေတာဟာ ဥပဒေချိုးဖောက်မှု ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်စေတယ်လို့ အစိုးရက ထပ်မံ အတည်ပြုပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ ဝန်ကြီး ဗိုလ်ချုပ် နာတာဖွန်က ဆိုတာပါ။
ထိုင်းနိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ စစ်သားတွေကိုလည်း မိမိတို့ တတ်စွမ်းသမျှ ကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောပါတယ်။
ထိုင်းအစိုးရကောင်စီက အရင် လက်မှတ်ရေးထိုးထားခဲ့တဲ့ ပူးတွဲငြိမ်းချမ်းရေး သဘောတူညီချက်ပါ သတ်မှတ်ချက်အားလုံးကို ဆိုင်းငံ့ထားလိုက်ပြီး လက်ရှိ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ပြန်လွှဲပေးမယ့်ကိစ္စကိုလည်း နောက်ထပ် အသိမပေးခင်အချိန်အထိ ဆိုင်းငံ့ထားလိုက်ပါတယ်။
ကမ္ဘောဒီးယားက ကောင်းမွန်တဲ့ ယုံကြည်မှုနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ထိုင်းက မျှော်လင့်ထားတုန်းပဲလားဆိုတဲ့ မေးခွန်းကို ဗိုလ်ချုပ် နာတာဖွန်က ထိုင်းစစ်တပ်မှာ အဲဒီလို မျှော်လင့်တာမျိုး လုံးဝ မရှိခဲ့ဘူးလို့ ပြောပါတယ်။
အခုအချိန်မှာ ထိုင်းရဲ့ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်း လှုပ်ရှားမှုတွေကိုပဲ အဓိက အာရုံစိုက်သွားမယ်လို့ သူက ပြောပါတယ်။
လုံခြုံရေး အစီအစဉ်တွေကို ထပ်ပြီး တင်းကြပ်သွားမှာလို့ မေးမြန်းရာမှာ ဗိုလ်ချုပ် နာတာဖွန်က တင်းကြပ်ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီ ကြေညာချက်ကို ဆိုင်းငံ့လိုက်ပြီး နောက်ပိုင်း ထိုင်းနယ်မြေထဲမှာ စစ်ရေး လှုပ်ရှားမှုတွေ ပိုများလာတာ တွေ့ရပါတယ်။
ဒါပေမဲ့ စစ်ဆင်ရေးတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြလို့ မရဘူးလို့ ထိုင်း စစ်တပ်က ပြောပါတယ်။
အထူးသဖြင့် နယ်စပ်မှာ သံဆူးကြိုး အကာအရန်ကို ဖယ်ရှားလိုက်ပြီး ထိုင်းဖက်ခြမ်းမှာ မြေမြှုပ်မိုင်းတွေ လျှို့ဝှက် ထောင်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် နာတာဖွန်က အသေးစိတ် ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။
ကျူးကျော် တိုက်ခိုက်မှု ဝင်ရောက်မှုတွေ ရှိလာရင် အခြေအနေအပေါ် မူတည်ပြီး အပေါ့စား လက်နက်တွေကနေ လက်နက်ကြီးတွေအထိ အသုံးပြုသွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ကမ္ဘောဒီးယားနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ရှိလာဦးမလားလို့ မေးမြန်းရာမှာတော့ သူက သူ့အနေနဲ့ရော ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပါ ဆွေးနွေးမှုတွေ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဖက်က ရန်လိုတဲ့ လုပ်ရပ်တွေ မရှိတော့ဘူးလို့ ထိုင်းစစ်တပ်က ကျေနပ်လက်ခံလာချိန်အထိ ငြိမ်းချမ်းရေး သဘောတူညီမှုကို ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အနုတင်က ပြောဆိုထားပါတယ်။
Ref:Bangkokpost

