သရက်ချောင်း၊ နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ် ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့ပေါ်အခြေစိုက် တပ်စခန်းတွေက အင်အား ရာချီပါတဲ့ စစ်ကော်မရှင်တပ်ဟာ ဝင်းဝစခန်းကတဆင့် သရက်ချောင်းမြို့နယ် အောက်ဘက်ပိုင်း ကျေး ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ သရက်ချောင်းမြို့နယ် အောက်ဘက်ပိုင်းကို စစ်ကော်မရှင်တပ် စစ် ကြောင်းထိုးဝင်ရောက်လာတာကြောင့် မင်းဒပ်၊ သင်းကျွန်း၊ ဝါရစ်၊ ကမြိုင်၊ ရငဲ၊ ကြက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိနဲ့ ကတွဲစတဲ့ ကျေးရွာ ၁၀ ရွာကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာ ဒေသခံတွေ စစ်ဘေးရှောင်နေတာဟာ သုံးရက်ကျော် ရှိလာပြီးဖြစ်သလို ကတွဲကျေးရွာဘက်မှာလည်း ကားလမ်းပိတ်ထားတာကြောင့် ကုန်ကားတွေ ပိတ်မိနေသလို တိမ်းရှောင်တဲ့အချိန်မှာလည်း စားနပ်ရိက္ခာ နည်းနည်းပါးပါးသာ ပါခဲ့တာကြောင့် အဆင်ပြေသလို မျှဝေစားသောက်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဘက်မှာလည်း စစ်ဘေးရှောင်အများစုဟာ အလျင်စလို ပြေးထွက်လာတာရကြောင့် စားနပ် ရိက္ခာလိုအပ်ချက်တွေရှိနေပြီး လမ်းဘေးနဲ့ သစ်ပင်အောက်တွေနဲ့ ဘုန်းကြီးကျောင်းမှာ အိပ်နေရတဲ့လူတွေ ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် အောက်ဘက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ချောက်ချောင်းကျေးရွာ နေအိမ် ၄၂ လုံးနဲ့ သိမ်ကုန်းကျေးရွာက နေအိမ် ၃ လုံးကို စစ်ကော် မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲအပြင် စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၈၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

