လောင်းလုံး၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ လောင်းလုံးမြို့ပေါ်ကတဆင့် ညင်းမော်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

ညင်းမော်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့ ညပိုင်းမှာတော့ ကျေး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေပြီး လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ညင်းမော်ကျေးရွာက ဒေသခံ ၁၅၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသလို မတိမ်းရှောင်ခင်တဲ့ လမ်းသွားလမ်းလာနဲ့ ဒေသခံတချို့ ဖမ်းဆီးခံရတာ ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ညင်းမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာဘဲ တပ်စွဲထားပြီး အနီး အနားကျေးရွာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၈ ရက်နေ့ မနက်အစောပိုင်းက လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲ ဖျက်ဆီးခံရပြီးနောက် စစ်ကော်မရှင်တပ်က အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.