မော်လမြိုင် ၊ နိုဝင်ဘာ ၁၃
စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထုတွေ စိတ်ဝင်စားပြီး ဆန္ဒမဲပေးစေဖို့အရေး အနုပညာအသိုင်းအဝိုင်းက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို အသုံးပြုပြီး နှိုးဆော်နေရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချ အရေးယူခဲ့တဲ့ စစ်ကော်မရှင်က အခုအခါမှာ သူတို့ ကျင်းပမယ့် ရွေး ကောက်ပွဲအတွက် ပြန်လည် အသုံးချလာနေတာပါ။
နိုင်ငံပိုင် ဝါဒဖြန့် ရုပ်သံချန်နယ်တွေနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ထုတ်လွှင့်ဖော်ပြချက်အရ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အနုပညာရှင်တွေက အသိပညာပေးနှိုးဆော်မှုတွေမှာ ပါဝင်ရိုက်ကူးနေကြရပါတယ်။
ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနဲ့သာ ဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူတစ်ရပ်လုံး ဆန္ဒမဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြဖို့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ စစ်ကော်မရှင်က ဝါဒဖြန့်ထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က လာမယ့် ရွေးကောက်ပွဲဟာ အနုပညာရှင်မကလို့ သိကြားမင်းကြီး ဆင်းပြီး မဲဆွယ်ပေးရင်တောင်မှ လူထု စိတ်ဝင်စားမှု ရှိမယ်မထင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်ထင်တယ် အခုလာမယ့် ရွေးကောက်ပွဲကလေ သိကြားမင်းကြီးဆင်းပြီးတော့ မဲဆွယ်ပေးရင်တောင် လူစိတ်ဝင်စားမှု ရှိမယ်မထင်ဘူးဗျ။ ဒီလောက် ပြည်တွင်းစစ်တွေ စီးပွားရေးအရ ဒုက္ခတွေ အကြီးအကျယ်ဖြစ်နေတာလေ။ ပြည်သူလူထုရဲ့ လက်ရှိအခြေအနေ ရွေးကောက်ပွဲအပေါ်ကို အနုပညာရှင်တွေပဲ သုံးသုံး သေနတ်ထောက်ပြီးတော့ပဲ မဲဆွယ်ခိုင်းခိုင်း ဓါးမိုးပြီးတော့ပဲ မဲဆွယ်ခိုင်းခိုင်း ကျွန်တော်ထင်တာတော့ ပကတိအခြေအနေကတော့ လက်ရှိ ရွေးကောက်ပွဲအပေါ် ပြည်သူလူ ထု စိတ်ဝင်စားမှုဟာ မြန်မာ့သမိုင်းရဲ့ ရွေးကောက်ပွဲတွေ အကုန်လုံးမှာ အနိမ့်ဆုံးပဲ”လို့ ဆိုပါတယ်။
ပြည်သူတွေဟာ အာဏာသိမ်းမှုကြောင့် စစ်ဘေးဒဏ်တွေ သဘာဝဘေးဒဏ်တွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ စစ်မှုထမ်းခိုင်းတာတွေ စတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကိုပါ ခါးသီးစွာ ရင်ဆိုင်နေကြရတာပါ။
စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်ဖြစ်ရေး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ၁၀၂ မြို့နယ်အတွင်း စတင်ကျင်းပမယ့် အပိုင်းလိုက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အသိအမှတ်ပြုမှု ရရေး နည်းမျိုးစုံ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုအောက်မှာ ဖိနှိပ်ကန့်သတ်ထားတဲ့ ဥပဒေဘောင်တွေအတွင်း ရှင်သန်နေကြရတဲ့ ပြည်သူအများစုဟာ စစ်ကော်မရှင် ကျင်းပပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို စိတ်မဝင်စားကြဘူးလို့ ပြောဆိုနေကြတာပါ။
ဒီအပေါ် စစ်ကော်မရှင်က ပွဲဦးထွက်အဖြစ် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကို သရုပ်ဆောင် နေတိုးအပါအဝင် အနုပညာရှင်တချို့နဲ့ ရိုက်ကူးထုတ်လွှင့်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
ဒါ့အပြင် အဲဒီ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကိုပါ ပြည်သူလူထုက လူမှုပြစ်ဒဏ်တွေပေးပြီး သပိတ်မှောက်ခဲ့ကြသလို တော်လှန်ရေးအဖွဲ့အစည်းတချို့ကလည်း အရေးယူမယ်လို့ အသိ ပေးထုတ်ပြန်ခဲ့တာပါ။
ဒီအခြေအနေမှာ စစ်ကော်မရှင်က အာဏာသိမ်းမှု အစောပိုင်းကာလမှာ ဆန္ဒပြခဲ့ကြဖူးတဲ့ နာမည် ကြီး အနုပညာရှင်တွေ အများအပြားကို ခေါ်ယူကာ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးနှိုးဆော်မှုတွေမှာ မဖြစ်မနေ ပါဝင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီထဲမှာ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် အပါအဝင် အကယ်ဒမီတွေ ရရှိထားကြတဲ့ သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေ ဆယ်နဲ့ချီ ပါဝင်ရိုက်ကူးခဲ့ကြရပါတယ်။
ဒီအပေါ် ပြည်တွင်းပြည်ပရှိ စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံ ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေကြား Facebook လူမှုကွန်ရက်တွေမှာ အမျိုးမျိုးသော ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေတာပါ။
ပြည်သူတစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ ဖိအားပေးမှုအောက်မှာ အနုပညာရှင်တွေရဲ့ ဝါဒဖြန့် ခိုင်းစေခံရမှုနဲ့ မဲပေးသူတွေ ရှိကောင်းရှိလာနိုင်ပေမယ့် စစ်မှန်တဲ့ ဆန္ဒမဲတော့ ရမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သရုပ်ဆောင်တွေရဲ့ ဝါဒဖြန့်မှုနဲ့ (ဆန္ဒမဲ) ပေးရတဲ့ဟာကျတော့ ကျွန်မ မြင်တယ် ထိရောက်မှုတော့ မရှိနိုင်ဘူး။ သေချာတာတစ်ခုက ဖိအားကြောင့် တချို့က သူတို့ ပရိတ်သတ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် အတုအယောင်ရွေးကောက်ပွဲက ကိုယ့်ဆီ ထွက်လမ်းမရှိဘဲ တခြား ရှောင်နိုင်တဲ့ အခြေအနေမရှိတဲ့အခါကျတော့ ထည့်လိုက်ရတဲ့ အခြေအနေတော့ ရှိမယ်။ ဆိုတော့ အတုအယောင်ရွေးကောက် ပွဲက အတုယောင်တွေပဲ ရှိမှာပေါ့။ တကယ့် စစ်မှန်တဲ့ ပြည်သူတွေရဲ့ မဲတော့ ရမှာ မဟုတ်ဘူး။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အတုအယောင် မဲတွေပဲ ဖြစ်မှာပေါ့”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးဆိုပြီး ရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ ပေါ်ပေါက်လာတဲ့ အစိုးရလက်ထဲ အာဏာလွှဲပြောင်းပေးသွားမယ်လို့ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ကြွေးကြော်နေတာပါ။
အဲဒီရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းနဲ့ မဲပေးမှာ မဟုတ်ဘူးလို့ ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းရှိနေတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့ လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

