မော်လမြိုင် ၊ နိုဝင်ဘာ ၁၂
လာမယ့် နှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကို မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေဆီက အသိအမှတ်ပြု ဆုံးဖြတ်မှုကို စစ်ကော်မရှင်က မျှော်လင့်နေပါတယ်။
သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို မိတ်ဖက်နိုင်ငံတချို့ကလွဲရင် ကုလသမဂ္ဂနဲ့ အီးယူအပါအဝင် နိုင်ငံတကာက ထောက်ခံမှု မရှိတဲ့အပေါ် စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူတွေကို အသိပေးချက်ဆိုပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာ နိုင်ငံပိုင် ဝါဒဖြန့် ရုပ်သံမီဒီယာတွေကနေ အသိပေးလာတာပါ။
တိုင်းတပါးနိုင်ငံတွေရဲ့ သြဇာအာဏာနဲ့ ဘယ်လိုဝင်ရောက်စွက်ဖက်မှုကိုမှ မြန်မာနိုင်ငံရဲ့ ရွေးကောက် ပွဲပျက်ပြားအောင်၊ ပြောင်းလဲအောင် လုပ်လို့ မရဘဲ မြန်မာ့အရေးကို နိုင်ငံသားတွေကပဲ အသိအ မှတ်ပြု ဆုံးဖြတ်ရင် လုံလောက်နေပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို နိုင်ငံသားတွေကပဲ ဖန်တီးနိုင်ခွင့်ရှိတဲ့အတွက် မြန်မာ့အရေးကို ရွေးကောက်ပွဲမဲပေးတဲ့ နိုင်ငံသားတွေကပဲ အသိအမှတ်အပြု ဆုံးဖြတ်ရမယ်လို့ ပြောပေမယ့် ပြည်သူတွေကတော့ အယုံအကြည်မရှိဘူးလို့ ပြောဆိုနေကြတာပါ။
မွန်ဒေသခံ ပြည်သူတစ်ဦးက ဒီရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတယ်လို့ မမြင်သလို ကိုယ် စားလှယ်လောင်းတွေကလည်း ဘာမှ ရဲရဲဝံ့ဝံ့ မပြောဆိုရဲဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောက်တရားကို ရှေ့တန်းတင်တဲ့ ထောက်ခံမှုပဲ ရနိုင်တာပေါ့။ တော်တော်များများကတော့ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတယ်လို့ မမြင်တဲ့အတွက် သိပ်ပြီးတော့ ထောက်ခံတာတွေ မရှိဘူးပေါ့။ မျှတမှု မရှိတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ နောက် လက်ရှိကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်ကလည်း ရဲရဲဝံ့ဝံ့ ဘာမှ ပြောဆိုလာတာ မတွေ့ဘူး။ ပြောလည်း မပြောရဲဘူး။ သူတို့ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲဆိုင်ရာ နှောင့်ယှက်တဲ့ ဥပ ဒေနဲ့ တရားစွဲခံရမှာ စိုးတဲ့အတွက် တချို့ဟာတွေဆို ချင့်ချင့်ချိန်ချိန်နဲ့ ပြောနေရတဲ့ အနေအထားဖြစ်တဲ့အတွက် ကျွန်တော့်အမြင်တော့ လက်ရှိ ဒီရွေးကောက်ပွဲကတော့ ပြည်သူတွေက တစ်ခဲတစ်နက်ထောက်ခံအားပေးတဲ့ ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူကာ အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပြီး နောက်ပိုင်းမှာတော့ ၆ လသက်တမ်းကို ၇ ကြိမ်အထိ တိုးယူခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအ ဝေးကနေ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကို ပြန်လည်ရုတ်သိမ်းခဲ့သလို စစ်ကောင်စီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ယာယီသမ္မတရာထူးနဲ့ အာ ဏာအရပ်ရပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ ပြန်လည်လွှဲအပ်ပြီး ရွေးကောက် ပွဲကျင်းပဖို့ စစ်ကော်မရှင်ကို အသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။
ကြားဖြတ်အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ စစ်ကော်မရှင်ဟာ အခုအချိန်မှာ မြန်မာနိုင်ငံအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပပေးသွားမယ်လို့ အသံကောင်းဟစ်ပြီး ကြုံးဝါးနေတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲဟာ ပြည်သူ့အသံကို နားထောင် ပြည်သူတွေရဲ့ ကောင်းကျိုးဆန္ဒကို ဖြည့် ဆည်းပေးနိုင်တဲ့ အမြန်ဆုံး ယန္တရားစနစ်တစ်ခုဖြစ်လို့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်း မဲပေးကြဖို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားပါသေးတယ်။
မွန်ဒေသခံ ပြည်သူတစ်ဦးကတော့ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဘယ်လောက်ပဲ သေချာအောင် လုပ်တယ် ပြောပြော ယုံကြည်မှု မရှိသလို စိတ်ဝင်စားမှု မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူတွေက ဒီရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှဖြစ်ဖြစ် သူတို့ ဘယ်လောက်ပဲ မှန်တယ် ပြောပြော ဘယ်လောက်ပဲ သေသေချာချာ လုပ်ပါတယ် ပြောပြော ရလဒ်က ယုံကြည်မှု ရှိမှာ မဟုတ်ဘူး။ နောက်တစ်ခုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာ။ဘာဖြစ်လို့လဲဆိုတော့ အမှန်တကယ်ဆို ကျွန်တော်တို့ နိုင်ငံရဲ့ အုပ်ချုပ်မယ့် အစိုးရကို ကျွန်တော်တို့ ပြည်သူတွေကနေ ရွေးချယ်ရတာ၊ ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းနဲ့ သဘောတရားပဲ။ ဒါပေမယ့် မြန်မာမှာကျတော့ အဲဒီလို မဟုတ်သေးဘူးဖြစ်နေတာပေါ့” ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ငါးနှစ်နီးပါး ရှိလာနေပါပြီ။
ဒီအခြေအနေမှာ စစ်တပ်ဘက်က လက်လွှတ်ထားရတဲ့ နယ်မြေအများအပြား ရှိခဲ့ပေမယ့် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကနေ သောင်းချီ ရရှိလာတဲ့ တပ်အင်အားကို အသုံးချကာ လက်ရှိမှာ နယ်မြေတချို့ ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
တစ်ဘက်မှာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဒဏ်တွေကြောင့် စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူထားကြတာပါ။
ဒါပေမယ့် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးကနေ ပေါက် ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် ဒေသနဲ့ လူမျိုးအခြေပြု လက်နက် ကိုင်အဖွဲ့တွေကတော့ ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်။
ဒါကြောင့် စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ၁၀၂ မြို့နယ်နဲ့ အပိုင်း ၂ ကို နောက်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ၁၀၀ မြို့ နယ် ပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။
အပိုင်း ၃ ကိုတော့ အပိုင်း ၂ ကျင်းပပြီး နှစ်ပတ်အကြာမှာ ဆက်လုပ်သွားမယ်လို့ စစ်ကော်မရှင်ကနေ သိရပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကတော့ မြန်မာနိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားထားတာပါ။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေ ရှိနေပေမယ့် မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကတော့ အခိုင်အမာရရှိထားပြီး ဖြစ်တယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လိပ်ပြာလုံလုံ လုပ်ဆောင်ထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အခြားနိုင်ငံတွေကိုပါ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တွေကို လာရောက်ကြည့်ရှု လေ့လာဖို့ ဖိတ်ခေါ်ထားတာပါ။
လက်ရှိမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းက သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို “ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးစို့ ၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”စတဲ့ ကြွေးကြော်သံတွေနဲ့ ဝါဒဖြန့်စည်းရုံးလှုံ့ဆော်ခိုင်းတဲ့ အစီအစဉ်တွေကို စစ်ကော်မရှင်က စတင်လုပ်ဆောင်လာနေပါပြီ။
ပြည်သူတစ်ဦးကတော့ အာဏာသိမ်းအဖွဲ့ကနေ လုပ်ပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည် မရှိသလို ပြည်သူတွေရဲ့ အခွင့်အရေးကို လုပ်ဆောင်ပေးပါ့မယ်လို့ ပြောနေသူတွေကိုလည်း မယုံကြည်တဲ့အတွက် အလိမ်အညာဇာတ်လမ်းတစ်ခုပဲလို့ မှတ်ချက်ပြုပါတယ်။
“အာဏာသိမ်းထားပြီးတော့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီ (စကမ) ကနေပြီးတော့ ဒီလိုမျိုး ရွေး ကောက်ပွဲလုပ်ပေးတယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာကြီးကို လုပ်သလို ဖြစ်နေတယ်လေ။ အဲဒါကြောင့်မို့ နံပါတ်တစ် ယုံကြည်မှု မရှိဘူး။ နံပါတ်နှစ်ကျတော့ ကိုယ့်အခွင့်အရေးကို လုပ်ပေးပါ့မယ်လို့ ပြောတဲ့ ကောင်ကိုလည်း ယုံကြည်မှု မရှိဘူး။ ရွေးကောက်ပွဲကိုလည်း အယုံအကြည် မရှိဘူး။ ရွေးကောက်ပွဲ လုပ်ပေးတဲ့ အစိုးရကိုလည်း အယုံအကြည် မရှိဘူး။ အဓိကတော့ ရွေးကောက်ပွဲဆိုတာ ယုံကြည်မှုကြောင့် ဖြစ်လာတယ်လို့ ကျွန်တော် ယူဆတယ်။ အဲဒီတော့ ယုံကြည်မှု မရှိတဲ့ ရွေးကောက်ပွဲတစ်ခုဟာ ဒါသက်သက် Lies Story တစ်ခုပဲလို့ ကျွန်တော်ထင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်အတွင်း ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက် ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိနေတယ်လို့ ဖော်ပြထားတာပါ။
စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဏာရှင်စနစ်ကို သက်ဆိုး ရှည်အောင် လုပ်ပေးတဲ့ အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြပါတယ်။
မွန်-ခမာ အုပ်စုဝင် “ဝ” ၊ တအာင်း နဲ့ မွန် လူငယ်တွေကလည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေး ကောက်ပွဲဟာ နိုင်ငံတစ်ဝန်း ပြည်သူတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ သဘောထားထုတ်ပြန် ကန့်ကွက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-cJ

