တနင်္သာရီ နိုဝင်ဘာ ၁၂
၂၀၂၅ ခုနှစ် အောက်တိုဘာလ တစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ရဲ့ စစ်သား အပါအဝင် ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၂၅ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို လက်နက်ချ အလင်းဝင်တာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရမှုတွေ ရှိခဲ့တာပါ။
စစ်ကော်မရှင်ဘက်က အလင်းဝင်လာတဲ့သူတွေထဲက စစ်သား ၄၅ ဦးအနက် ၃၅ ဦးဟာ စစ်မှုထမ်း သင်တန်းဆင်း တပ်သားဖြစ်ပြီး၊ ရဲ တစ်ဦး၊ ပြည်သူ့စစ် ၃ ဦး ပါဝင်သလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အယောက် ၈၀ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ တနင်္သာရီတိုင်းမှာ ၁၂ ဦး၊ ပဲခူးတိုင်းမှာ ၈ ဦး၊ စစ်ကိုင်းတိုင်းမှာ ၆ ဦးနဲ့အသီးသီး အလင်းဝင်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေဟာ မကွေးတိုင်းမှာ ၃၈ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်ထံကနေ လက်နက်ချ အလင်းဝင်လာသူ စုစုပေါင်း ၂၂၄၆ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

