အန်ကာရာ၊ နိုဝင်ဘာ ၁၂
ဂျော်ဂျီယာမှာ ပျက်ကျသွားတဲ့ စစ်ဖက် ကုန်တင်လေယာဉ်ပေါ် လိုက်ပါသွားတဲ့ စစ်မှုထမ်း ၂၀ ဦးလုံး သေဆုံးသွားကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာပါတယ်။
C-130 လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံ ဂန်ဂျာမြို့က ထွက်ခွာလာပြီး တူရကီသို့ အပြန် လမ်းမှာ အဇာဘိုင်ဂျန်နယ်စပ်အနီး ဂျော်ဂျီယာနိုင်ငံ ဆင်နာဂီဒေသမှာ နိုဝင်ဘာ ၁၁ ရက်က ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ တူရကီရဲ့ မတော်တဆ ဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ လေယာဉ်ပျက်ကျရာနေရာသို့ ရောက်ရှိသွားပြီး ဂျော်ဂျီယာအရာရှိတွေနဲ့ ပူးပေါင်းပြီး လေယာဉ်ပျက်ကို စုံစမ်း စစ်ဆေးနေကြောင်း အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စိုက်ပျိုးမြေ တစ်ခု ပါဝင်ပြီး တောင်ကုန်းတွေ ဝိုင်းထားတဲ့ လွင်ပြင် တစ်ခုမှာ လေယာဉ် အပျက်အစီးတွေ ပြန့်ကြဲနေကြောင်း တူရကီ ပုဂ္ဂလိကရုပ်သံလိုင်း NTV က လေယာဉ်ပျက်ကျရာနေရာကနေ သတင်းပေးပို့ထားပါတယ်။
လေယာဉ် အပျက်အစီးတွေဟာ နေရာတွေ အများကြီးမှာ ပြန့်ကြဲနေတယ်လို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ သတင်းကို တူရကီ ကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာက လူမှုမီဒီယာမှာ အတည်ပြုထားပြီး သေဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။
အဲဒီ လေယာဉ်ဟာ ဂျော်ဂျီယာ လေပိုင်နက်ထဲ ဝင်ရောက်လာပြီး မိနစ်ပိုင်းအတွင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ဂျော်ဂျီယာ လေကြောင်းအာဏာပိုင်အဖွဲ့ကို ကိုးကားပြီး တူရကီနိုင်ငံပိုင် Anadolu Agency သတင်းဌာနက နိုဝင်ဘာ ၁၁ ရက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အဲဒီ လေယာဉ်က ဒုက္ခရောက်နေကြောင်း အချက်ပေးပို့မှု မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
C-130 လေယာဉ် အမျိုးအစားကို စစ်သားတွေ ပို့ဆောင်ဖို့နဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် တူရကီစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
တူရကီနဲ့ အဇာဘိုင်ဂျန်ဟာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။
Ref:AP

