ဘေဂျင်း၊ တိုကျို၊ နိုဝင်ဘာ ၁၂

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ စစ်ပွဲမှာ ဂျပန် ပါဝင်နိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ပြောကြားပြီးနောက် သူ့ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ တရုတ်အရာရှိတစ်ဦးက ခြိမ်းခြောက်လိုက်ပါတယ်။

ပိတ်ဆို့ထားတာမျိုးလို ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ အရေးယူရင် ရှင်သန်ရေး အန္တရာယ်ကျရောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပြီး ဂျပန်အနေနဲ့ မဖြစ်မနေ ဝင်ပါလာရနိုင်တယ်လို့ ဝန်ကြီချုပ် တာကာအီချီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အိုဆာကာရှိ တရုတ် ကောင်စီဝန်ချုပ် ရှူကျန်းက လူမှုမီဒီယာ X ပေါ်မှာ ဝန်ကြီးချုပ် တာကာအီချီရဲ့ မှတ်ချက်တွေကို ဖော်ပြထားတဲ့ သတင်းနဲ့ အတူ လုံးဝ တုံ့ဆိုင်းမနေဘဲ ညစ်ပတ်တဲ့ လည်ပင်းကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စိတ်ဆိုး ဒေါထွက်တဲ့ ခံစားချက်ဖော်ပြတဲ့ ပုံနဲ့အတူ အဲဒီ တရုတ်အရာရှိက နင်အဲဒါအတွက် အသင့်ဖြစ်နေပြီလားလို့လည်း ရေးသားထားပါတယ်။

ဂျပန်က တရုတ်တပ်တွေကို တိုက်ခိုက်ရင် တရုတ်က ချက်ချင်း တုံ့ပြန်တိုက်ခိုက်မှာ ဖြစ်ကြောင်းနဲ့ မစ္စစ် တာကာအီချီအနေနဲ့ ဘာမှမဖြစ်သလိုမျိုး စစ်ပွဲစတင်ဖို့ အမှန်တကယ် ပြောဆိုနေတာဆိုရင် ဂျပန်နိုင်ငံကတော့ ဆုံးခန်းတိုင်ပြီဆိုတဲ့ ရေးသားချက်တွေ အပါအဝင် တခြားလူတွေရဲ့ ရေးသားဖော်ပြမှုတွေကိုလည်း အဲဒီ တရုတ်သံတမန်က ဝေမျှခဲ့ပါတယ်။

ဂျပန် ထိပ်တန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရာက အဲဒီ ဖော်ပြချက်ဟာ တော်တော်ကြီးကို မသင့်တော်ဘူးလို့ နိုဝင်ဘာ ၁၀ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံရှိ ဂျပန်သံရုံးတို့က ကန့်ကွက်ထားပြီး အဲဒီ လူမှုမီဒီယာမှာ ဖော်ပြထားတွေကို ဖျက်ပေးဖို့ တောင်းဆိုထားကြောင်း ဂျပန်အစိုးရ ပြောခွင့်ရသူက ဖြည့်စွက် ပြောပါတယ်။

အခုဆိုရင်တော့ မစ္စတာ ရှူရဲ့ တရားဝင် X အကောင့်မှာ အဲဒီ ဖော်ပြချက်ကို မမြင်တွေ့ရတော့ပါဘူး။

မစ္စစ် တာကာအီချီရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လန်ကျန်းက နိုဝင်ဘာ ၁၀ ရက်က သတင်းထောက်တွေကို ပြောထားပါတယ်။

ရေလက်ကြား ဖြတ်ကျော် အရေးကိစ္စတွေမှာ ဂျပန် အရာရှိတွေ ကြားဝင်ပါဖို့ ကြိုးပမ်းမှုကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ဘေဂျင်းက ထိုင်ဝမ်ကို သူတို့ပိုင်တယ်လို့ ပြောထားပေမယ့် တိုင်ပေ အစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

Ref: The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.