လောင်းလုံး၊ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က တပ်ကြပ်တစ်ဦးအပါအဝင် တပ်သား လေးဦး အလင်းဝင်လာတယ်လို့ လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ(၇)က ထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူတွေဟာ ကလိန်အောင်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၄၀၆ ခြေမြန်တပ်ရင်းက တပ်သားတွေ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှာ ဆက်သွယ်အလင်းဝင်လာတာပါ။
အလင်းဝင်လာသူတွေမှာ တပ်ကြပ်နေဝင်းဇော်၊ ပြည်သူစစ်မှုထမ်း အပတ်စဉ် ၁၁ ဆင်းတွေဖြစ်တဲ့ တပ်သား အောင်နိုင်ဇော်၊ အောင်ဇော်မျိုး၊ ကျော်သက်တို့ ဖြစ်ပါတယ်။
သူတို့ လေးဦးဟာ စစ်ကော်မရှင်တပ် လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးစဉ် လက်နက်မဲ့နဲ့ ထွက်ပြေးလာတာ ဖြစ်ပြီး လက်ရှိမှာတော့ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဒေါနတပ်ရင်း ချေမှုန်းရေးတပ်ခွဲ(၇) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထွက်ပြေးလာသူတွေထဲက ပြည်သူစစ်မှုထမ်း သုံးဦးဟာ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့က ဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံခဲ့ရတာပါ။
ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကော်မရှင်ရဲ့ စစ်သား အပါအဝင် ရဲနဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၂၅ ဦး လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း

