နယူးယောက်ခ်၊ နိုဝင်ဘာ ၇

ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာဟာရာရဲ့ လာမယ့် သီတင်းပတ် အိမ်ဖြူတော် ခရီးစဉ်မတိုင်ခင် သူ့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ပြီး ထောက်ခံလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက သမ္မတဟောင်း ဘာရှား အယ်လ်အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး ထိုးစစ်ကို ဦးဆောင်ခဲ့ပြီးနောက် သမ္မတ ရှာဟာရာဟာ အသွင်ကူးပြောင်းရေးသမ္မတ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၃ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့ပါတယ်။

အာဆတ် ဖြုတ်ချခံရပြီးနောက်ပိုင်း ခေတ်သစ်တစ်ခေတ်မှာ ဆီးရီးယားကို ထောက်ခံကြောင်း ကုလသမဂ္ဂက အားကောင်းတဲ့ နိုင်ငံရေးဆိုင်ရာ အချက်ပြမှု တစ်ခုကို ပြသလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက် ဝေါ့ဇ်က ပြောပါတယ်။

အယ်လ်ကိုင်ဒါ အဖွဲ့နဲ့ အရင်က အဆက်အသွယ်ရှိခဲ့တဲ့ အစ္စလာမ်မစ်အဖွဲ့ Hayat Tahrir al-Sham (HTS)ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ရှာဟာရာကို ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က HTS အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းများစာရင်းကနေ ပြီးခဲ့တဲ့ဇူလိုင်လက ဖယ်ရှား ပေးခဲ့တာပါ။

ဆီးရီးယား ပြည်ထဲရေးဝန်ကြီး အန်နက်စ် ခါတက်ကိုလည်း ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးခဲ့ပါတယ်။

ဆီးရီးယားနဲ့ဆီးရီးယား ပြည်သူတွေကို ထောက်ခံပေးတဲ့အတွက် အမေရိကန်နဲ့ ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုမီဒီယာမှာ ဖော်ပြပြီး ဒဏ်ခတ် ပိတ်ဆို့မှု ရုတ်သိမ်းပေးတာကို ကြိုဆိုခဲ့ပါတယ်။

ဆီးရီးယားခေါင်းဆောင်ဟာ စစ်ပွဲကြောင့် ထိခိုက်မှုများနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိရေး အခြေအနေ တိုးတက်အောင် ကောင်းကောင်း ဆောင်ရွက်ထားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောခဲ့ပြီးတဲ့နောက် သမ္မတ ရှာဟာရာရဲ့ နိုဝင်ဘာ ၁၀ ရက် အိမ်ဖြူတော် ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း ရီးယာ့ဒ်မြို့သို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ရောက်ရှိချိန်က သူတို့နှစ်ယောက် မေလမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံပြီးနောက် ထရန့်က ရှာဟာရာဟာ အရမ်း အားကောင်းတဲ့ အတိတ်ကာလ တစ်ခုနဲ့အတူ လူကြမ်း တစ်ယောက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ အစ္စလာမ်မစ်အဖွဲ့ HTS ဟာ ၂၀၁၆ ခုနှစ်က အယ်လ်ကိုင်ဒါနဲ့ အဆက်အသွယ် မဖြတ်ခင်အထိ ဆီးရီးယားရှိ အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် အိမ်ဖြူတော်ခရီးစဉ်ဟာ ရှာဟာရာရဲ့ အခုနှစ် ပထမဆုံး အမေရိကန် ခရီးစဉ် ဖြစ်ပါတယ်။

စက်တင်ဘာလက သူဟာ နှစ်ပေါင်း ၆၀ အတွင်း နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောတဲ့ ပထမဆုံး ဆီးရီးယားခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဆီးရီးယားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာ သူ့ရဲ့ ရယူပိုင်ခွင့် ရှိတဲ့ နေရာကို ရရှိလာပြီလို့ ရှာဟာရာက ကုလမိန့်ခွန်းအတွင်း ပြောကြားပြီးတော့ ဂါဇာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.