ကံမ၊ နိုဝင်ဘာ ၇

မကွေးတိုင်း ကံမမြို့နယ်ရှိ ရေနံသာရဲစခန်းနဲ့ ကပစ ၁၂ တို့ကို နိုဝင်ဘာ ၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သရက်-ကံမလမ်းပိုင်းမှာရှိတဲ့ ရေနံ့သာရဲစခန်းကို အပြီးသတ်ရရှိရေး တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် ဘန်ကာ ၆ လုံးမှာ ၄ လုံးသာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေနံ့သာရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က တပ်သား ၇ ဦး သေဆုံးပြီး ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေနံ့သာစခန်းကို တိုက်ခိုက်နေချိန်အတွင်း ကပစ ၁၂ ကို ၁၂၂ မမ ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၄ လုံးမှာ ကပစ ၁၂ အတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ကပစ ၁၂ က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် သရက်မြို့နယ် ညောင်ပင်သာကျေးရွာက ဒေသခံအမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

“ကျွန်တော်တို့ သရက်-ကံမလမ်းပိုင်းကို အသုံးမပြုဖို့ ထုတ်ပြန်ထားတာရှိပါတယ်။ လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာနေဆဲပဲ” လို့ ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာလည်း ရေနံ့သာစခန်းကို စစ်ကူလာရောက်မယ့် ကပစ ၁၂ နဲ့ ကံမမြို့ပေါ်က စစ်ကော်မရှင်တပ်တို့ဟာ ကံမမြို့နယ် ပဇင်းနိမ့်ကျေးရွာနဲ့ အုပ်ပုံကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲ ဖြစ်ပွားချိန် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တာကြောင့် ကံမမြို့နယ် ဆုံကုန်းကျေးရွာနဲ့ သစ်ငုတ်တထောင်ကျေးရွာ အနီးကျရောက်ပေါက်ကွဲပြီး သရက်-ကံမလမ်းပိုင်းမှာရှိတဲ့ အရေးပါတဲ့ တံတားတစ်စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေနံသာရဲစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက တစ်ကြိမ်သိမ်းပိုက်ခဲ့ဖူးပြီး ရဲတပ်ကြပ်အဆင့်သုံ့ပန်း တစ်ဦးနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင် အမှတ် ၄ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.