မော်လမြိုင်၊ နိုဝင်ဘာ ၇

အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်သူတွေကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

NUG က အတုအယောင် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့နဲ့ ကြိုတင်မဲပေးဖို့ အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သလို ဥပဒေနဲ့ငြိစွန်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အတုအယောင် ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့နဲ့ ကြိုတင်မဲပေးဖို့ အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ရှိရင် သက်သေနဲ့တကွ တိုင်ကြားကြဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ရင် သေဒဏ်ချမှတ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့တာပါ။

အဲဒီဥပဒေပြဌာန်းပြီးနောက် အောက်တိုဘာ ၂၉ ရက်နေ့အထိ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေနဲ့ လူပေါင်း ၉၀ နီးပါး အမှုဖွင့် အရေးယူခံထားရပြီး အဲဒီထဲမှာ ထင်းရှာကျော်ကြားတဲ့ အနုပညာရှင်တချို့လည်း ပါဝင်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ဒေသတချို့မှာ စစ်ကြောင်းထိုးပြီး အိမ်ထောင်စုစာရင်း ကောက်ယူတာနဲ့ ခြိမ်းခြောက်အကျပ်ကိုင်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.