လောင်းလုံး၊ နိုဝင်ဘာ ၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာနဲ့ ကမ်းပနီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။

တပ်အင်အား ၇၀ ဝန်းကျင်ဖြင့် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာဘက်မှ ကရင်ကြီးကျေးရွာနဲ့ ကမ်းပနီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ကရင်ကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ကရင်ကြီး ကျေးရွာမှ ကမ်းပနီးကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်ကို ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးပစ်ကူနဲ့ စစ်သင်္ဘောပစ်ကူတွေကြောင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦး မစိုးရိမ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကမ်းပနီကျေးရွာနဲ့ ပညစ်ကျေးရွာကြားရှိ သိကြားမင်းထိုင်တောင်ပေါ်ကို ရောက်ရှိလာပြီး ယာယီတပ်စွဲ နေထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)-ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ဒေါနတပ်ရင်း-တပ်ခွဲ-၇(LPF) ၊ဒေါနတပ် ရင်း-တပ်ခွဲ-၄(KBDF)၊ ရာမညမွန်တပ်တော်၊ (DNLA)ဓူရကစစ်ကြောင်း နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းမှာ တပ်စွဲ ထားတဲ့ စစ်ကော်မရှင် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ၇ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.