မော်လမြိုင် ၊ နိုဝင်ဘာ ၄
လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်အရေးယူခံရသူ ၁၀၀ နီးပါး ရှိလာတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ် ဝေဖန်ရေးသားတာ၊ Love React ပေးတာတွေ လုပ်ခဲ့တဲ့ ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင် နှစ်ဦးတို့ကို စစ်ကော်မရှင်က ဆက်တိုက် ဖမ်းဆီးအရေးယူခဲ့ပြီး အခုလဆန်းမှာ ထပ်တိုး အရေးယူမှုတွေ လုပ်လာတာပါ။
ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကော်မရှင်ထုတ်ပြန်ခဲ့တဲ့ အရေးယူခံရသူ ၈၈ ဦးကနေ နောက်ထပ် ၇ ဦး ရှိလာတဲ့အတွက် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူခံရသူ ၉၅ ဦး ရှိလာပါတယ်။
အထွေထွေရွေးကောက်ပွဲတွေကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ ပြုလုပ်သူ ၇ ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်တာပါ။
အမှုဖွင့်ခံရသူ ၇ ဦးဟာ PDF အဖွဲ့ဝင်တစ်ယောက်ကို ဖုန်းကနေတစ်ဆင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်စီးရမယ်လို့ ရေးသားပေးပို့တာ၊ ဘားအံမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလောင်းတစ်ဦးရဲ့ ဓာတ်ပုံနဲ့ စာသားပါ ဗွီနိုင်းဆိုင်းဘုတ်ကို ဆုတ်ဖြဲတာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို ဆဲဆိုခြိမ်းခြောက် ထိုးကြိတ်တာ၊ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရွေးကောက်ပွဲပညာပေးဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အထင်အမြင်လွဲမှားစေဖို့ ဆန့်ကျင်လှုံ့ဆော်တဲ့ စာတွေ ရေးသားခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဖမ်းဆီးအရေးယူခံရသူ ၇ ဦးဟာ အမျိုးသား၊ အမျိုးသမီးတွေဖြစ်ကြပြီး အဲဒီထဲမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်ကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဒေသခံတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲ ပျက်ပြားအောင် ကိုယ်ထိလက်ရောက် နှောင့်ယှက်ဟန့်တား ဖျက်ဆီးသူတွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားပြီး လူမှုကွန်ရက်တွေကနေတဆင့် ဆန့်ကျင်လှုံ့ဆော်ခဲ့သူတွေကိုတော့ အဲဒီဥပဒေပါ ပုဒ်မ ၂၃ (က) နဲ့ အရေးယူထားတာပါ။
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရသူတွေကို ပုဒ်မ ၂၃ (က) အရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှသ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
အဲဒီဥပဒေပါ ပုဒ်မ ၂၄ (က) မှာတော့ ဘယ်သူမဆို ပုဒ်မခွဲပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။
စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပြောဆိုထားတာပါ။
Data For Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာအထိ လူမှုကွန်ယက်တွေပေါ်မှာ စစ်ကော်မရှင်ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦး ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

