ကိဗ်၊ နိုဝင်ဘာ ၄
ရုရှားရဲ့ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးရေး အမေရိကန်နိုင်ငံထုတ် Patriot လေကြောင်းကာကွယ်ရေးစနစ်တွေကို ထပ်မံ လက်ခံရရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။
ညအချိန် နောက်ဆုံးတိုက်ခိုက်မှုအတွင်း လူ ၁ ဦး သေဆုံးပြီး ကလေး ၂ ယောက် အပါအဝင် သူ့ရဲ့ မိသားစုဝင် ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီးနောက် သမ္မတ ဇီလန်စကီးက အခုလိုမျိုး ပြောလိုက်တာပါ။

လွန်ခဲ့တဲ့ လေးနှစ်က စတင်ခဲ့တဲ့ ကျူးကျော်စစ်ပွဲအတွင်း ရုရှားက ရှေ့တန်း စစ်မျက်နှာတွေနဲ့ အဝေးကြီးမှာရှိတဲ့ မြို့ပြတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် သေဆုံးသူ အရပ်သား ထောင်ချီ ရှိနေပါတယ်။
ဆောင်းရာသီမှာ ယူကရိန်း ပြည်သူတွေ အပူပေးစက် မဖွင့်နိုင်အောင် ရေမရအောင် ရုရှားက စွမ်းအင်ထောက်ပံ့ရေး အဆောက်အဦတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
ယူကရိန်းရဲ့ ဒရုန်းနဲ့ဒုံးကျည်ထုတ်လုပ်ရာ နေရာတွေကိုလည်း ရုရှားက ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

နည်းပညာ အဆင့်မြင့်တဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ်တွေဟာ ရုရှား ဒုံးကျည်တွေကို တားဆီးရေး အထိရောက်ဆုံး လက်နက်တွေ ဖြစ်ပါတယ်။
အလားတူ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ထပ်မံ ပေးပို့ရေး သမ္မတ ဇီလန်စကီးက အနောက်တိုင်း မဟာမိတ်တွေဆီ တောင်းဆိုထားပေမယ့် ထုတ်လုပ်နိုင်မှု အကန့်အသတ်တွေ ရှိနေတာနဲ့ ကိုယ်ပိုင် လက်နက်စနစ် ဖြည့်တင်းရေး လိုအပ်ချက်တွေကြောင့် ယူကရိန်းဆီ ပေးပို့မှုတွေ ကြန့်ကြာနေတာ ဖြစ်ပါတယ်။
မိမိတို့ဆီ ပေးပို့လိုက်တဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ်တွေကို ခုခံကာကွယ်ရေး စနစ်အတွင်း ထည့်သွင်းထားတယ်လို့ ဇီလန်စကီးက ဆိုတာပါ။
ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကာကွယ်ရေး နောက်ထပ် လေကြောင်းကာကွယ်ရေးစနစ်တွေ လိုအပ်နေဆဲ ဖြစ်ကြောင်း ယူကရိန်း သမ္မတက ပြောပါတယ်။
အခုလို Patriot လေကြောင်းကာကွယ်ရေးစနစ်တွေ ပို့ဆောင်ပေးတဲ့ ဂျာမနီနဲ့ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်ကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ဂျာမနီက လွန်ခဲ့တဲ့ သုံးလကတည်းက အမေရိကန်ထုတ် Patriot လေကြောင်းကာကွယ်ရေးစနစ်တွေ ပို့ပေးဖို့ ကတိပေးထားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကလည်း အဲဒီ လေကြောင်းကာကွယ်ရေးစနစ်တွေ ဂျာမနီသို့ အစောတလျင် ပေးပို့ရေး ကတိပြုထားပြီး ဖြစ်ပါတယ်။
ဂျာမနီဟာ သူတို့ စစ်တပ်အတွက် ရှိနေတဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်တွေကို တခြား နိုင်ငံတွေထက်ပိုပြီး ယူကရိန်းဆီ ပေးပို့နေတာ ဖြစ်ပါတယ်။
ဂျာမနီက IRIS-T နဲ့ Skynex တို့လို တာတို လေကြောင်း ကာကွယ်ရေး စနစ်တွေကိုလည်း ယူကရိန်းဆီ ပေးပို့ ကူညီထားပါတယ်။
ယူကရိန်းဆီ လက်နက်ပေးပို့ရေးအစီအစဉ်တွေအတွက် နေတိုးအဖွဲ့က ပုံမှန် ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ဒီအတောအတွင်း နေတိုးအဖွဲ့ဝင် ရိုမေးနီးယားက ဂျာမနီ လက်နက်ကုမ္ပဏီ Rheinmetall နဲ့ ပူးပေါင်းပြီး ယမ်းမှုန့် ထုတ်လုပ်ရေး စက်ရုံတစ်ခု ရိုမေးနီးယားမှာ တည်ဆောက်ရေး သဘောတူညီမှု လက်မှတ် ရေးထိုးလိုက်ပါတယ်။
လေပိုင်နက် ချိုးဖောက်ဝင်ရောက်မှု အပါအဝင် ရန်စမှုတွေ ပိုများလာနေတဲ့ ရုရှားကြောင့် ဥရောပက ကိုယ်တိုင် လက်နက် ဖြည့်တင်းရေး အရှိန်မြှင့် ဆောင်ရွက်နေရပါတယ်။
ဘိုင်ဒန်အစိုးရ လက်ထက်ကလို မဟုတ်ဘဲ ထရန့် အစိုးရလက်ထက်မှာ ယူကရိန်းသို့ အမေရိကန်ရဲ့ လက်နက် ပေးပို့မှု ပုံစံပြောင်းလဲသွားပြီး ဥရောပက အမေရိကန်ဆီက လက်နက်တွေကို ဝယ်ယူပြီးတော့ ယူကရိန်းကို ပြန်လည် ထောက်ပံ့နေတာ ဖြစ်ပါတယ်။
Ref:AP

