ဘန်ကောက်၊ နိုဝင်ဘာ ၄
နှစ်နိုင်ငံကြား ပြီးခဲ့တဲ့ သီတင်းပတ်က ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီးနောက် တင်းမာမှု လျှော့ချရေး ခြေလှမ်းတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူပိုင်ငါပိုင် ပြောဆိုနေတဲ့ နယ်စပ်တလျှောက် ထိုင်းနဲ့ကမ္ဘောဒီးယားက လက်နက်ကြီးများကို စတင် ဖယ်ရှားနေပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်နေကြောင်း ထိုင်းအရာရှိတွေက နိုဝင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံကြား နယ်စပ်ဆိုင်ရာ တင်းမာမှုတွေကနေ ၅ ရက်ကြာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် သုံးလအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရှေ့မှောက် ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူညီမှုကို ကမ္ဘောဒီးယားက လိုက်နာကြောင်း မသေချာသေးခင်အထိ တိုက်ပွဲ အတွင်း ဖမ်းဆီးရမိထားတဲ့ ကမ္ဘောဒီးယား စစ်သားတွေကို ပြန်လွှတ်ပေးဦးမှာ မဟုတ်သလို နယ်စပ် စစ်ဆေးရေးဂိတ်တွေကိုလည်း ပြန်ဖွင့်ဦးမှာ မဟုတ်ဘူးလို့ ထိုင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ သီရိပွန်က ပြောပါတယ်။
ကမ္ဘောဒီးယားရှိ ဒေသတစ်ခုနဲ့ ဒေသ ၁၃ ခုရှိ မိုင်းရှင်းလင်းရေး ထိုင်းရဲ့ အဆိုပြုမှုနဲ့ အတူ နယ်စပ်တလျှောက် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ် စတင်နေပြီ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ် ဗိုလ်ချုပ် ခွန်သီရိက ဆိုပါတယ်။

ဒုံးကျည် စနစ်တွေက စတင်ပြီး လက်နက်ကြီးတွေ၊ သံချပ်ကားတွေနဲ့ တခြား စစ်သုံးကားတွေကို အဆင့်သုံးဆင့်ခွဲပြီး ဖယ်ရှားသွားမှာဖြစ်ကြောင်း ထိုင်းနဲ့ကမ္ဘောဒီးယားတို့က အောက်တိုဘာ ၃၁ ရက် ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။
အဲဒီ အဆင့် သုံးဆင့်ရဲ့ ပထမအဆင့်ကို နိုဝင်ဘာ ၁ ရက်စတင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်က လက်နက်ကြီးတွေကို အခုနှစ်အကုန်မှာ အပြီးသတ် ဖယ်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းအရာရှိတွေက နိုဝင်ဘာ ၃ ရက်မှာ ပြောထားပါတယ်။
နှစ်နိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာ ရာဇဝတ်မှု ပူးပေါင်းရှင်းလင်းရေး အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သဘောတူထားပါတယ်။
ဇူလိုင်လက ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း လူ ၅၀ လောက် သေဆုံးခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်က လူအများ ယာယီ စစ်ဘေးရှောင်ခဲ့ရပါတယ်။
အမေရိကန် ပါဝင်ညှိနှိုင်းခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို ဇူလိုင် ၂၈ ရက်က မလေးရှားမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ နယ်စပ်ပြဿနာ ဖြစ်ပွားချိန်မှာ ကမ္ဘောဒီးယား လက်ရှိဝန်ကြီးချုပ်ရဲ့ ဖခင် ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်ပြောဆိုမှု အချက်အလက်တွေ ပေါက်ကြားခဲ့တာကြောင့် ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာ ဝါထရာ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲဒီ ဖုန်းခေါ်ဆိုမှုအတွင်း ပေသွန်ထန်က ဟွန်ဆန်ကို ပြောဆိုမှုတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက် ပြောဆိုမှုတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံတော် တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား နယ်စပ် အငြင်းပွားမှုတွေဟာ နှစ်ပေါင်းများစွာ အကြာကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး တစ်ခါပြန် ဆူပွက်လာချိန်မှာ ၅ ရက်ကြာ စစ်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီပြဿနာကြောင့် ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမား ထောင်သောင်းချီပြီး နေရပ် ပြန်သွားခဲ့ရသလို ထိုင်းအမျိုးသားရေး အစွန်းရောက်တွေက ကမ္ဘောဒီးယားနိုင်ငံသားတွေကို အနိုင်ကျင့် စော်ကားမှုတွေလည်း ရှိခဲ့ ပါတယ်။
Ref:Reuters

