မော်လမြိုင် ၊ နိုဝင်ဘာ ၄

မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့မှာ တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း စက်သုံးဆီဆိုင် အများစုမှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဆိုင် အများစုမှာ စက်သုံးဆီကို အရင်ရက်တွေက ပုံမှန် ရောင်းချပေးနေရာကနေတန် ဆောင်တိုင် ပွဲတော်ကာလဖြစ်တဲ့ အခု ရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရခက်ခဲတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

လက်ရှိ စက်သုံးဆီဆိုင် အများစုမှာတော့ အောက်တိန်း အမျိုးအစား (၉၂)နဲ့ (၉၅) ဓာတ်ဆီတွေ ပြတ်လပ်နေတဲ့အပြင် ပရီမီယံဒီဇယ်ဆီတွေက အစ ပြတ်လပ်ပြီး လိုသလောက် ဝယ်ယူလို့ မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယာဉ်မောင်း တစ်ဦး ကတော့ ဒီရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မှု ကြီးကြီးမားမား ဖြစ်ပေါ်နေပြီး ဓာတ်ဆီနဲ့နေ့တိုင်း မောင်းနေရတာကြောင့် ဓာတ်ဆီ မရှိတဲ့အတွက် အခက်အခဲ ဖြစ်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆီတွေကတော့ ပြတ်တယ်၊ ရှိတဲ့ဆိုင် ရှိတယ်၊ မရှိတဲ့ဆိုင် မရှိဘူး၊ ရတဲ့ အခါလည်း ရပေါ့၊ မရတဲ့ အခါလည်း မရပေါ့၊ ဒီရက်ပိုင်း ဆီတော်တော် ပြတ်တယ်၊ ကြားတာတော့ ဓာတ်ဆီဈေး ကျလို့ မရောင်းဘဲနဲ့ ထားတာလား၊ အဲဒီလိုတော့ ကြားမိတယ်၊ အခုဟာက ဓာတ်ဆီက ဘယ်နေရာ ရှိလို့ ရှိမှန်း မသိဘူး၊ တစ်ခါတလေ ကျရင် ကြားလို့ သွားလိုက်တော့လည်း အဲဒီမှာက ဓာတ်ဆီ မရှိဘူး၊ ရှိတဲ့ ဓာတ်ဆီပါ ပိုကုန်၊ ဓာတ်ဆီနဲ့ နေ့တိုင်း မောင်းနေရတော့ ဓာတ်ဆီ မရှိတော့ လမ်းပျောက်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းက စက်သုံးဆီ ရှိတဲ့ ဆိုင်တွေမှာတော့ အရင်လို တန်းစီ ဝယ်ယူရတဲ့ ပုံစံပြန်ဖြစ်နေပြီး စက်သုံးဆီ ပြတ်လပ်မှု ကြားလာပါက အရင်လို ညအိမ်စောင့်ပြီး ဝယ်ယူရမယ့် အခြေအနေတွေ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်သုံးဆီဆိုင် လုပ်ငန်းရှင် တစ်ဦးကတော့ အခုလို စက်သုံးဆီတွေ ပြတ်လပ်ရတာဟာ မွန်ပြည်နယ်ရဲ့ စက်သုံးဆီခွဲတမ်းကို အရင်လို သီလဝါမှာ သွားယူရတာ မဟုတ်ဘဲ လက်ရှိ မုဒုံကတုံးပေါ် ဆိပ် ကမ်းမှာ သွားထုတ်ရတာဖြစ်တဲ့အပြင် အဲဒီ ဆိပ်ကမ်းရဲ့ စီမံခန့်ခွဲမှု အားနည်းတဲ့အတွက် ရက်အတန် ကြာ စောင့်ဆိုင်းရတာကြောင့် ရောင်းလို့အလျင်မမီ ဖြစ်ရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီမွန်ပြည်နယ်အတွက် ခွဲတမ်းကို ဒီက မုဒုံကတုံးပေါ် ဆိပ်ကမ်းကနေ ဟိုဆီကိုချပေးတော့လေ အဲဒီမှာပဲ ချပေးတဲ့အခါကျတော့ ကားတွေက ဟိုမှာ သွားတင်တဲ့အခါမှာ စောင့်ရတာ ဆီတင်တာ စောင့်ရတာက နည်းနည်း ကြာတယ်၊ တချို့ ကားတွေဆို (၃)ရက် အဲဒီလိုမျိုး (၄)ရက်မှ ဆီက တစ်စီးစာ ပြည့်လာတာပေါ့၊ အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ ဒီမှာက ရောင်းလို့ အလျင်မမီတော့ဘူးလေ၊ အဓိကက အခက်အခဲဆုံးကတော့ ရာဇာမင်းဆိပ်ကမ်းရဲ့ စီမံခန့်ခွဲမှုပေါ့၊ ဆီက မရှိတာလည်း မဟုတ်ဘူး၊ ဆီကလည်း ရှိနေတယ်၊ သူ့ရဲ့ စီမံခန့်ခွဲမှုက အားနည်းလို့ ဖြစ်မှာပေါ့လေ၊ ဒီလို အချိန်အကြာကြီး စောင့်ပြီးတော့မှ ဆီကရတယ်ဆိုတော့”လို့ ဆိုပါတယ်။

လက်ရှိ တန်ဆောင်တိုင်ပွဲတော်ကာလ ဖြစ်တာကြောင့်လည်း ခရီးသွားလာမှုတွေ များတဲ့ အတွက် စက်သုံးဆီတွေ အသုံးများကြသလို ရာဇာမင်းဆိပ်ကမ်းရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့်လည်း အခုလို စက်သုံးဆီ ပြတ်လပ်မှု ပြန်ဖြစ်လာတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမှာတော့ စစ်အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပြီး အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်း ဝယ်ယူရတာ၊ လိုသလောက် ဝယ်ယူလို့ မရတာအပြင် ခွဲ တမ်းနဲ့သာ ဝယ်ယူရတာတွေ ဖြစ်ပေါ်နေတာပါ။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီကတော့ မော်လမြိုင်မြို့အတွက် (၉၂) တစ်လီတာကို ကျပ် ၂၉၀၀ ဝန်းကျင်၊ (၉၅) တစ်လီတာကို ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ ပရီမီယံဒီဇယ် တစ်လီတာကို ကျပ် ၃၂၀၀ ဝန်းကျင် ဈေးနှုန်း သတ်မှတ်ပေးထားပေမယ့် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဝယ်ယူရ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့မှာတော့ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ဓာတ်ဆီ တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာ ရှိရာကနေ အာဏာသိမ်းပြီးနောက် ၅ ဆကျော် မြင့်တက်လာသလို စက်သုံးဆီ ပြတ်လပ်မှုတွေကလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ် နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.