ဒါကာ၊ အောက်တိုဘာ ၇
ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ အများ မျှော်လင့်ထားသူ တာရစ်ကီ ရာမာန်က ပြည်ပမှာ ဆယ်စုနှစ်နှစ်စုကြာ နေထိုင်နေခဲ့ပြီးနောက် သမိုင်းဝင်ရွေးကောက်ပွဲအတွက် ပြည်တော်ပြန်လာမှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ဘုရားသခင်က ဆန္ဒရှိနေပြီး အချိန်ကျလာပြီ ဖြစ်တဲ့အတွက် ကျွန်တော် မကြာခင် ပြန်လာပါမယ်လို့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီရဲ့ ယာယီ ဥက္ကဋ္ဌ တာရစ်ကီ ရာမာန်က ပြောတာပါ။

သူ့ရဲ့ BNP ပါတီဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေရှိနေပြီး ပါတီရဲ့ ကျန်းမာရေး မကောင်းတဲ့ ခေါင်းဆောင်ရဲ့ သားဖြစ်သူ ရာမာန် ရွေးကောက်ပွဲ အနိုင်ရပြီး နိုင်ငံကို ဦးဆောင်မယ်လို့ မျှော်လင့်ရပါတယ်။
သုံးကြိမ်တိုင် ဝန်ကြီးချုပ်ဖြစ်တဲ့ ဟာဆီနာကို ၂၀၂၄ ခုနှစ်အတွင်း လူထုက ဆန့်ကျင် ဆန္ဒပြ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘင်္ဂလားဒေ့ချ် ရာဇဝင်မှာ အရေးအပါဆုံး ရွေးကောက်ပွဲတွေထဲက တစ်ခု ဖြစ်တယ်လို့ အများက ရှုမြင်ထားကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီကတော့ ရွေးကောက်ပွဲ ဝင်ခွင့် တားမြစ်ခံရဖွယ်ရှိနေပြီး သူဦးဆောင်တဲ့ အစိုးရက ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ဆိုးဆိုးရွားရွား နှိမ်နှင်းမှုကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။
ရာမာန်ဟာ ၂၀၀၈ ခုနှစ်ကတည်းက လန်ဒန်မှာ နေထိုင်နေတာ ဖြစ်ပြီး ဟာဆီနာ ဖြုတ်ချခံရပြီးနောက် သူ့အနေနဲ့ ဘင်္ဂားဒေ့ချ်သို့ ပြန်လာမယ့် ကိစ္စကို အများက သိချင်နေကြပါတယ်။
အဝါမီလိဂ် ပါတီဟာ သူတို့ရဲ့ ၁၅ နှစ်ကြာ အာဏာရရှိချိန်အတွင်း ကာလရှည် ပြိုင်ဖက် BNP ပါတီနဲ့ တခြား ပြိုင်ဖက်ပါတီတွေကို အပြတ်အသတ် အသာစီး ယူထားခဲ့တာ ဖြစ်ပါတယ်။
မျက်ကွယ် ပြစ်ဒဏ် တော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာမာန်ဟာ ဟာဆီနာ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အမှု အားလုံးက ကင်းရှင်းကြောင်း သတ်မှတ်ခံခဲ့ရပါတယ်။
နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယိုနက်စ် ဦးဆောင်တဲ့ အိမ်စောင့် အစိုးရက ဟာဆီနာနဲ့ ပါတီ ခေါင်းဆောင်တွေ အမှုရင်ဆိုင်ပြီးတဲ့ အချိန်အထိ ရွေးကောက်ပွဲ ဝင်ခွင့် မရှိဘူးလို့ တားဖြစ်ထားပါတယ်။
အဓိက ပြိုင်ဖက်ပါတီ မပါဝင်နိုင်တဲ့ ဘင်္ဂလားဒေ့ချ် ရွေးကောက်ပွဲမှာ BNP ပါတီ သက်တောင့်သက်သာ အနိုင်ရနိုင်တယ်လို့ အများက မျှော်လင့်ထား ပါတယ်။
Ref:BBC

