ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၃

အရင်အစိုးရအဖွဲ့ကို ပြိုလဲစေခဲ့တဲ့ ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေအပြီး နီပေါနိုင်ငံကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် နိုင်ငံတော် တရားရုံး တရားရေး အကြီးအကဲဟောင်း ဆူရှီလာ ကာကီကို ယာယီ ဝန်ကြီးချုပ်အဖြစ် နီပေါသမ္မတက စက်တင်ဘာ ၁၂ ရက်မှာ ခန့်အပ်လိုက်ပါတယ်။

သမ္မတ ရမ် ချန်ဒရာ ပိုဒဲလ်က လွှတ်တော်ကိုလည်း ဖျက်သိမ်းလိုက်ပြီး ဝန်ကြီးချုပ်အသစ်ရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး လာမယ့်နှစ် မတ် ၅ ရက်ကို ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

နီပေါမှာ နောက်ဆုံး လွှတ်တော်ရွေးကောက်ပွဲတွေကို ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ နီပေါရဲ့ ပထမဆုံး အမျိုးသမီးတရားရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်က လူကြိုက်များသူ တစ်ယောက် ဖြစ်ခဲ့တဲ့ ကာကီဟာ သမ္မတနန်းတော်မှာ စက်တင်ဘာ ၁၂ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

တရားရေး အကြီးအကဲအဖြစ် တာဝန်ယူချိန်က အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုကို ဆန့်ကျင်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် ကာကီဟာ လူသိများသူ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလအတွင်း လွှတ်တော်အမတ်တချို့က သူဟာ ဘက်လိုက်ခဲ့ကြောင်း စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ဖြစ်ခဲ့ပြီး တရားစီရင်ရေးကို တိုက်ခိုက်မှု အဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

လူမှုမီဒီယာတွေကို တားမြစ်မှုနဲ့ ပတ်သက်လို့ မြို့တော် ခတ္တမန္ဒူမှာ စက်တင်ဘာ ၈ ရက်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှု အသွင် ပြောင်းလဲသွားခဲ့ပြီး ဆန္ဒပြသူတွေက အစိုးရအဆောက်အဦတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စတင် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီ တားမြစ်မှုကို နောက်ပိုင်းမှာ ရုတ်သိမ်းခဲ့ပေမယ့် အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။

လွှတ်တော် အဆောက်အဦ၊ သမ္မတအိမ်တော်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက တိုက်ခိုက် မီးရှို့ခဲ့ကြပါတယ်။

အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ဝန်ကြီးချုပ် ချဂါ ပရာဆတ် အိုလီ စက်တင်ဘာ ၉ ရက်မှာ နုတ်ထွက်ခဲ့ရပြီး အစိုးရအိမ်တော်ကနေ ထွက်ပြေးခဲ့ရပါတယ်။

စက်တင်ဘာ ၉ရက် ညက မြို့တော်ကို နီပေါစစ်တပ်က ထိန်းချုပ်ခဲ့ပြီး ယာယီအစိုးရ ဖွဲ့စည်းရေး ဆန္ဒပြသူတွေ၊ စစ်တပ်နဲ့ သမ္မတတို့ကြား ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကြမ်းဖက်မှုတွေကြောင့် လူ ၅၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူ အများစုဟာ ရဲတပ်ဖွဲ့ ပစ်ခတ်လို့ သေဆုံးရတဲ့ ဆန္ဒပြသူတွေ ဖြစ်ပြီး မြို့တော်ရှိ အကျဉ်းထောင် တစ်ခုကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ အကျဉ်းသား တချို့လည်း သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်တပ်က စက်တင်ဘာ ၉ ရက် ညကစပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.