ဝါရှင်တန်၊ စက်တင်ဘာ ၈

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ မော်စကို ဒါမှမဟုတ် သူတို့ဆီက ရေနံ ဝယ်ယူနေသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရှိန်မြှင့် ပြုလုပ်ခါနီးနေပြီဆိုတဲ့ ပြောဆိုမှုနဲ့ အနီးစပ်ဆုံး လုပ်ရပ်အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားအပေါ် ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အသင့်ရှိတယ်လို့ စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။

ထရန့်က မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားပေမယ့် ငြိမ်းချမ်းရေးအတွက် သူကြိုးပမ်းနေချိန်မှာ အဲဒီအစီအစဉ်ကို ဆိုင်းငံ့ထားတာပါ။

သူ့ရဲ့နောက်ဆုံး ပြောဆိုမှုတွေက ပိုပြီး ရန်လိုလာကြောင်း ဖော်ပြနေပေမယ့် အဲဒီလို ဆုံးဖြတ်ချက်ချဖို့ သူကတိပြုထားသလားဆိုတာနဲ့ ဒုတိယ အဆင့် ပြုလုပ်မယ် ဆိုတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသေးစိတ်ကို ချပြထားတာ မရှိသေးပါဘူး။

ရုရှားအပေါ် ဒုတိယအဆင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ အသင့်ရှိပါသလားလို့ အိမ်ဖြူတော်မှာ သတင်းထောက်တစ်ယောက် မေးမြန်းရာမှာ သမ္မတ ထရန့်က ကျွန်တော်တို့အနေနဲ့ အဆင်သင့်ပါပဲလို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် အသေးစိတ်ကို ပြောဆိုခဲ့တာ မရှိပါဘူး။

ဇန်နဝါရီလအတွင်း ရာထူးတာဝန် စယူပြီးနောက် ယူကရိန်းစစ်ပွဲကို အလျင်အမြန် အဆုံးသတ်နိုင်လိမ့်မယ်လို့ ကနဦးမှာ သူက ဟောကိန်း ထုတ်ထားခဲ့ပေမယ့် တိုက်ပွဲတွေ ရပ်သွားအောင် မစွမ်းဆောင်နိုင်ဖြစ်နေတဲ့ အတွက် ထရန့် တစ်ယောက် စိတ်ပျက်နေပါတယ်။

ထရန့်က ဘယ်လို ခြေလှမ်းတွေလှမ်းဖို့ စီစဉ်နေလဲဆိုတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာသတင်းဌာနက အိမ်ဖြူတော်သို့ စက်တင်ဘာ ၇ ရက်က အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ပါဘူး။

ထရန့်က ရုရှားရေနံတွေကို ဝယ်ယူနေတဲ့ အိန္ဒိယရဲ့ အမေရိကန်သို့ ပို့မယ့် ကုန်စည်တွေအပေါ် အခွန်တွေ တိုးမြှင့် ကောက်ခံထားပါတယ်။

အမေရိကန်သို့ ကုန်တင်ပို့ရင် အခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာ ဖြစ်ပေမယ့် အိန္ဒိယအနေနဲ့ရုရှား ရေနံတွေကို ဆက်လက် ဝယ်ယူသွားမယ်လို့ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးက ပြောထားပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက ရုရှားရေနံတွေကို မဝယ်ယူတော့တဲ့အချိန်မှာ အိန္ဒိယဟာ ရုရှားရေနံတွေကို အဓိကဝယ်ယူတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

မော်စကိုရဲ့ စီးပွားရေး ပြိုလဲလုမတတ် ဖြစ်အောင်၊ သမ္မတ ပူတင်ကို ဆွေးနွေးရေး စားပွဲ ရောက်ရှိလာစေအောင် ရုရှားရေနံတွေကို ဝယ်ယူနေကြတဲ့ နိုင်ငံများအပေါ် ထပ်တိုး အခွန်ကောက်ခံရေး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။

ရုရှား စီးပွားရေး ထိခိုက်နေချိန်မှာ အိန္ဒိယနဲ့ တရုတ်တို့လို နိုင်ငံတွေက ရုရှားရေနံတွေ ဝယ်ယူပြီး မော်စကိုရဲ့ စီးပွားရေးကို အသက်ဆက်ပေးနေကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.