မော်စကို၊ လန်ဒန်၊ သြဂုတ် ၂၉

မော်စကိုကို ယူကရိန်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူစေဖို့ တွန်းအားပေးတဲ့အနေနဲ့ အိန္ဒိယရဲ့ ရုရှား ရေနံ ဝယ်ယူမှု ရပ်တန့်ရေး အမေရိကန်က အခွန်တိုးမြှင့် ကောက်ခံမှုကို အာခံတဲ့အနေနဲ့ နယူးဒေလီက စက်တင်ဘာလအတွင်း ရုရှားရေနံတွေ တိုးမြှင့် ဝယ်ယူသွားမှာ ဖြစ်ကြောင်း ကုန်သည်တွေက ပြောဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အနောက်တိုင်းက ရုရှား ရေနံလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

ဒါကြောင့် အိန္ဒိယ ရေနံ သန့်စင်ရေး လုပ်ငန်းတွေဟာ ရုရှားရေနံတွေကို ဈေးပေါပေါနဲ့ ဝယ်ယူရရှိနေပြီး အများဆုံး ဝယ်သူ ဖြစ်လာတာ ဖြစ်ပါတယ်။

အဲဒီလို ဝယ်ယူနေမှုကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြစ်တင်ရှုတ်ချပြီး အိန္ဒိယ ပို့ကုန်တွေအပေါ် သြဂုတ် ၂၇ ရက်က စပြီး အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံနေပါတယ်။

နယူးဒေလီက ဝါရှင်တန်နဲ့ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပေမယ့် ထရန့်ရဲ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မှုကို အိန္ဒိယ အရာရှိတွေက ပြန်လည် အကြောင်းပြန်ကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ ရုရှား၊ တရုတ်တို့နဲ့ ဆက်ဆံရေး အားကောင်းစေဖို့ ကြိုးပမ်းနေပြီး အိန္ဒိယအနေနဲ့ ကိုယ့်ကိုယ်ကို အားကိုးသင့်တယ်လို့ ပြောဆိုထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ဟာ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိတဲ့ ရုရှား ကုန်ပစ္စည်းတွေကို ဝယ်ယူနေဆဲ ဖြစ်ပေမယ့် မိမိတို့အပေါ် အခွန် တိုးမြှင့် ကောက်ခံတာဟာ စံနှစ်မျိုး ကျင့်သုံးနေတာ ဖြစ်တယ်လို့ အိန္ဒိယအရာရှိတွေက စွပ်စွဲထားပါတယ်။

အိန္ဒိယက ရေနံတွေ မဝယ်ရင် ရုရှားအနေနဲ့ ဝင်ငွေ ကြီးကြီးမားမား ထိခိုက်နိုင်ပြီး ယူကရိန်းကို ဆက်လက် တိုက်ခိုက်ရေး အခက်ကြုံနိုင်ပါတယ်။

စက်တင်ဘာလအတွင်း ရုရှား ရေနံတွေကို သြဂုတ်လက ဝယ်ယူခဲ့တဲ့ ပမာဏထက် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဝယ်ယူသွားမှာ ဖြစ်တယ်လို့ အိန္ဒိယ ရေနံ ရောင်းဝယ်ရေး လုပ်ငန်းနယ်ပယ် သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

အိန္ဒိယ ရေနံလုပ်ငန်းတွေ အနေနဲ့ စက်တင်ဘာလအတွင်း တစ်နေ့ကို ရေနံ စည်ပေါင်း ၁၅၀၀၀၀ ကနေ ၃၀၀၀၀၀ အထိ ဝယ်ယူသွားမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.