မော်လမြိုင် ၊ ဩဂုတ် ၉

အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO တွေကတဆင့် ART ဆေးပေးခွင့်ကို စစ်ကော်မရှင်က ရပ်တန့်လိုက်တာကြောင့် ဝေဒနာရှင်တွေ အခက်ကြုံနေရတယ်လို့ HIV/AIDS အရေးကူညီ ဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ NGO/INGO တွေကတဆင့် ART ဆေးပေးခွင့်တွေကို ဩဂုတ် ၈ ရက်နေ့ကစလို့ ရပ်တန့်လိုက်တာဖြစ်ပြီး ART ဆေး လိုအပ်သူတွေအနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဌာနတွေမှာသာ ဆေးထုတ်ယူခွင့် ပြုတော့တာပါ။

အခုလို ပုံမှန် မရှိမဖြစ် သောက်ရတဲ့ ART ဆေးတွေကို NGO/INGO တွေကတဆင့် ထုတ်ယူခွင့် မပြုတော့တဲ့အတွက် ဝေဒနာရှင်တွေအနေနဲ့ ဆေးဝါး ရရှိဖို့ ပိုမိုခက်ခဲလာသလို ပုံမှန် အသက်ရှင်နေထိုင်ဖို့ တွေကအစ မရေရာတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

HIV/AIDS အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ ART ဆေး ထုတ်ပေးနေတဲ့အဖွဲ့တွေကို ဆေးမထုတ်ပေးဖို့ ရပ်တန့်ခိုင်းတာကြောင့် လက်ရှိ ဝေဒနာရှင်တွေကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဌာနဆီ လွှဲပေးနေရသလို ဟောပြောပွဲ အပါအဝင် ကာကွယ်ဆေး ပေးတာတွေက အစ ရပ်တန့်လိုက်ရပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“မာရီစတုပ်စ်ရယ်၊ ပြည်ကြီးခင်အဖွဲ့ရယ် IOM အဖွဲ့ရယ် သူတို့တွေက ဆေးပေးနေတာ ရှိတယ်။ အဲဒီအဖွဲ့တွေ အကုန်လုံးကတော့ ဆေးပေးတာကို ရပ်ပြီးတော့ ဒီနေ့ကစပြီးတော့ သူတို့က အကုန် လုံး ခုခံအားကျ ကာကွယ်တိုက်ဖျက်ရေးဌာနဆီကို ပြန်လွှဲလိုက်ရတယ်။ သူတို့ ဆေးထုတ်ပေးနေတဲ့ လူတွေအကုန်လုံးကို တခြားဘာတွေ ရပ်လိုက်လဲဆိုတဲ့အခါကျတော့ HIV အကြောင်း ရှိတယ်။ အဲဒီ ဟောပြောပွဲတွေလည်း အကုန် ရပ်ထားတာ ပေါ့နော်။ နောက်တစ်ခုကလည်း ဘာရှိလဲဆိုတော့ PRET ကာကွယ်ဆေး ပေးတာတွေလည်း ရပ်ထားရတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် NGO/INGO တွေကတဆင့် ART ဆေးပေးမှုတွေကို ရပ်တန့်ခိုင်းတာကြောင့် HIV/AIDS ဝေဒနာရှင်တွေအတွက် ဆေးဝါး လိုအပ်မှု မြင့်တက်လာနိုင်တဲ့အပြင် ရောဂါ ကြိုတင်ကာကွယ်နိုင်တဲ့ ဟောပြောမှုတွေကအစ ရပ်နားထားရတာ ဖြစ်တာကြောင့် HIV/AIDS ဝေဒနာရှင်တွေ ထပ်တိုးလာမှာကို စိုးရိမ်မှုရှိတယ်လို့ သူက ဆက်ပြောပါတယ်။

HIV/AIDS အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း စစ်ကော်မရှင်က အခုလို NGO/ INGO တွေကတဆင့် ART ဆေး ပေးမှုတွေကို ရပ်တန့်လိုက်တာကြောင့် ဝေဒနာရှင်တွေအတွက် ယုံကြည်မှုတွေ လျော့နည်းလာသလို သက်ဆိုးရှည်ဖို့တောင် မလွယ်တော့ဘူးလို့ ပြောပါတယ်။

“သူတို့အတွက်က ယုံကြည်မှုကတော့ နည်းနည်းလျော့သွားတာပေါ့နော်။ ပုံမှန်ကျတော့ မာရီစတုပ်စ်မှာ ထုတ်တဲ့လူတွေသည် တချို့လူဆိုရင် ဆေးသာ သောက်နေတာလေ။ နှစ်ရှည်ဖြစ်သွားတယ်။ ဒီဘက်က နေပြီးတော့ အစိုးရဌာနဆိုင်ရာဘက်ကနေ မသိနေဘူးပေါ့။ အခုကျတော့ ဌာနဆိုင်ရာကနေ ပြီးတော့ ထိန်းချုပ်လိုက်တဲ့ သဘောမျိုး ဖြစ်သွားတဲ့အခါကျတော့ ဒီမြန်မာပြည်မှာရှိသမျှလူ အကုန်လုံးက ဒီ ART သောက်နေတဲ့သူ အကုန်လုံး သူတို့ဆီ စာရင်းဝင်သွားပြီ။ HIV သမားတွေအတွက်တော့ တော်တော်လေး ဒုက္ခရောက်နိုင်စွမ်းရှိတာပေါ့နော်၊ ဆေးပြတ်တာတို့ ဆေးမရတာတို့ အဲဒီလိုမျိုးတွေ ဆိုလို့ရှိရင်တော့ သူတို့ အတွက် သက်ဆိုးရှည်ဖို့ဆိုတဲ့ဟာတော့ မလွယ်ဘူးပေါ့၊ အဲဒီလိုတွေတော့ ဆိုးကျိုးတွေတော့ ဖြစ်သွားနိုင်တာ ပေါ့” လို့ ဆိုပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဌာနအနေနဲ့ HIV/AIDS ဝေဒနာရှင်တွေအတွက် ART ဆေးတွေကို ဘယ်လို ပုံစံမျိုး ထုတ်ပေး သွားမလဲဆိုတာကို မသိရသေးသလို ART ဆေးဟာ ရေရှည် သောက်ရတဲ့ ဆေးဖြစ်တာကြောင့် ဆေးဝါးပြတ်လပ်မှု မရှိအောင် ဘယ်လို စီမံထားလည်း ဆိုတာလည်း မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင်က NGO/INGO တွေကတဆင့် ART ဆေးပေးမှုတွေ ရပ်တန့်ခိုင်းတာဟာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ Global Fund က မြန်မာနိုင်ငံအတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း HIV တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၆၈သန်းကျော် ကူညီပေးသွားမယ်လို့ ဆိုထားတာကြောင့် အဲဒီအလှူငွေတွေကို ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့ HIV အရေးကူညီနေသူတွေက ပြောကြပါတယ်။

လက်ရှိနိုင်ငံတွင်းမှာလည်း ကလပ်တွေ များပြားလာတာနဲ့အတူ လူငယ်တွေ ကြားထဲမှာ Night Life နေထိုင်မှု ပုံစံတွေ ခေတ်စားလာပြီး မူးယစ်ဆေးဝါး သုံးစွဲကာ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ အသိပညာ နည်းပါးတာတွေကြောင့်လည်း HIV ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အရင်က HIV ရောဂါ ကူးစက်ခံရပြီး ARTဆေး သောက်သုံး နေရတဲ့ ဝေဒနာရှင်ပေါင်း ၂၇၀,၀၀၀ ကျော်ရှိပြီး လက်ရှိမှာ HIV ရောဂါ ကူးစက်ခံရသူ ပိုမို များပြားလာပေမယ့် လုံခြုံ ရေး အပါအဝင် စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေကြောင့် စာရင်းကောက်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ HIV အရေး ကူညီသူတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.