မော်လမြိုင်၊ ဩဂုတ် ၉

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အခုနောက်ပိုင်း လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာပြီး ပြီးခဲ့တဲ့တစ်အတွင်း အသတ်ခံရသူ ငါးဦးအထိ ရှိလာခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကနေ သြဂုတ် ၆ ရက်နေ့အထိ တစ်ပတ်အတွင်း အရပ်သားပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီးမှာ အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီဖြစ်စဉ်ဟာ လက်ရှိအချိန်အထိ လက်သည်မပေါ်ဘဲ ရှိနေပါတယ်။

ဒါ့အပြင် မုဒုံမြို့နယ် ကလော့သော့ကျေးရွာမှာ ပျောက်ဆုံးနေတဲ့ ဒေသခံတွေဖြစ်တဲ့ ဦးထက်အာကာနဲ့ ကိုညီညီလွင်တို့ကိုလည်း သြဂုတ် ၆ ရက်နေ့က ကျေးရွာအနီး ရော်ဘာခြံထဲမှာ လည်ပင်းကိုဓားနဲ့လှီးဖြတ်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

အလားတူ ဩဂုတ် ၆ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနေ ကိုထိုက်နီနဲ့ မအဉာဏ်တို့ လင်မယားနှစ်ဦးကိုလည်း ကျေးရွာအနီးလမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အရပ်သားပြည်သူတွေ သတ်ဖြတ်မှုခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသလို ဒီဖြစ်စဉ်တွေအပေါ်မှာလည်း အရေးတယူ ဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.