ဘေရွတ်၊ သြဂုတ် ၈

၂၀၂၅ ခုနှစ်အကုန်မှာ ဟစ်ဇဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ လက်ဘနွန်မြေပေါ်မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ပြီး လက်ဘနွန်တောင်ပိုင်း နေရာ ၅ ခုကနေ အစ္စရေးတပ်တွေ အသုတ်လိုက် ဆုတ်ခွာရေး အမေရိကန်က အဆိုပြုထားတယ်လို့ လက်ဘနွန် အစိုးရ အဖွဲ့ဝန်ကြီးများရဲ့ ပြန်လည် သုံးသပ်မှုအရ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဒေသဆိုင်ရာကိုယ်စားလှယ် တွမ်ဘားရက် တင်သွင်းတဲ့ အဲဒီ အစီအစဉ်က အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်းရေး အသေးစိတ်အကျဆုံး အစီအစဉ်တွေကို ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက် ဟစ်ဇဘိုလာအဖွဲ့ ဖျက်သိမ်းရေး ပြည်တွင်း၊ ပြည်ပ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သြဂုတ် ၇ ရက် အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးပြီးနောက် လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ပေါလ် မားကို့စ်က အမေရိကန် အစီအစဉ်ရဲ့ ဦးတည်ချက်တွေကို မိမိတို့ အစိုးရက အတည်ပြုထားပေမယ့် ပါရှိတဲ့ အချက်အလက်အားလုံးကို မဆွေးနွေးရသေးဘူးလို့ ပြောပါတယ်။

ဟစ်ဇဘိုလာလို အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရှင်းလင်းရေး၊ အဓိက နယ်စပ်ဒေသတွေဆီ လက်ဘနွန် အစိုးရတပ်တွေ ချထားရေး၊ နိုင်ငံတောင်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ နေရာ ၅ ခုကနေ အစ္စရေးတပ်တွေ ဆုတ်ခွာရေး၊ တိုက်ရိုက်မဟုတ်တဲ့ ညှိနှိုင်းမှုတွေက တဆင့် အကျဉ်းသားတွေကိစ္စကို ဖြေရှင်းရေး၊ အစ္စရေး၊ ဆီးရီးယားတို့နဲ့ ထိစပ်နေတဲ့ လက်ဘနွန်နယ်စပ်မှာ အပြီးသတ် နယ်စပ်စည်း ရေးဆွဲရေး အမေရိကန်ရဲ့ အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက် မပေးသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရုံးကလည်း မှတ်ချက်ပေးဖို့ ငြင်းထားသလို အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနကလည်း အခု သတင်းဖော်ပြချိန် အထိ ကြေညာချက် တစ်စုံတရာ မထုတ်သေးပါဘူး။

ဟစ်ဇဘိုလာအဖွဲ့က တရားဝင် မတုံ့ပြန်သေးပေမယ့် ဆွေးနွေးမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ အစိုးရအဖွဲ့ အစည်းအဝေးကနေ အဲဒီအဖွဲ့ရဲ့ ဝန်ကြီးတွေနဲ့ ရှီးဟိုက် ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြတယ်လို့ နိုင်ငံရေး သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ လက်နက် ဖြုတ်သိမ်းရေးနဲ့ အစ္စရေးတပ်တွေ လက်ဘနွန်က ဆုတ်ခွာရေး အမေရိကန်ရဲ့ အဆင့်လိုက် အဆိုပြုချက်တွေမှာ လက်ဘွန်ရဲ့ စီးပွားရေး ပြန်အားကောင်းလာအောင် လုပ်ဆောင်ပေးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.