မော်လမြိုင် ၊ ဩဂုတ် ၉
အာဏာသိမ်းမှုအတွင်း စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုရှိနေခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီကို မိမိတို့နဲ့ အတူတကွ လက်တွဲတိုက်ပွဲဝင်ဖို့ မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ နိုင်ဇေယျက တိုက်တွန်းလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA အပေါ် အခြေခံတဲ့ စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မွန်တွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်တဲ့အတွက် အတူတိုက်ပွဲဝင်ဖို့ ဩဂုတ် ၈ ရက်နေ့က ပေးပို့တဲ့ မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။
အလားတူ မွန်နိုင်ငံရေးပါတီတွေကိုလည်း မွန်ပြည်သစ်ပါတီ AD/ ရာမညမွန်တပ်တော်နဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို အတူတကွ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ မွန်ပြည်သူတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်တို့ကို ဝိုင်းဆန့်ကျင်ကြဖို့ မွန်နိုင်ငံရေးပါတီတွေကို ထပ်မံ တိုက်တွန်းတာပါ။
မွန်ပြည်နယ်ရှိ မွန်တော်လှန်ရေးတပ်တွေအနေနဲ့ တစ်ခုတည်းသော မွန်တပ်တော်အဖြစ် ပေါင်းစည်းပြီး စစ်အာဏာရှင်တို့ကို စုပေါင်းတိုက်ခိုက်ကြဖို့ကိုလည်း နိုင်ဇေယျက ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။
တစ်ဘက်မှာ မွန်လူမျိုးနဲ့ မွန်ပြည်နယ်သူ ပြည်နယ်သားအားလုံး အဖိနှိပ်ခံဘဝ လွတ်မြောက်ရေး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလွတ်မြောက်ရေးအတွက် ရာမညမွန်တပ်တော်နဲ့အတူ စစ်အာဏာရှင်တွေကို တတ်နိုင်တဲ့နေရာကနေ ဝိုင်းဝန်းတိုက်ပွဲဝင်ကြဖို့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP-AD

