နေပြည်တော် ၊ ဩဂုတ် ၂

အာဏာသုံးရပ်စလုံးကို လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းတာတွေ ဆက်တိုက်ထုတ်ပြန်ပြီးနောက် နိုင်ငံအတွင်း နေထိုင်ကြသူတွေအားလုံး တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပထမကြိမ်အစည်းအဝေးကို ဩဂုတ် ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ဦးညိုစောက အဲဒီအစည်းအဝေးကနေ ထည့်သွင်းပြောကြားခဲ့တာပါ။

နိုင်ငံအတွင်း နေထိုင်ကြသူတွေအားလုံး ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားကြရမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတဝန်းကို အရေးပေါ်အခြေအနေကနေ ပယ်ဖျက်ပြီး ဥပဒေပြုရေး၊အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ ဇူလိုင် ၃၁ ရက်နေ့မှာ ပြန်လည်လွှဲအပ်ခဲ့တာပါ။

အဲဒီရက်အတွင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဥပဒေအမျိုးမျိုးကို ပြင်ဆင်ပြဋ္ဌာန်းတာတွေ တစ်ခုပြီးတစ်ခု ကြေညာခဲ့သလို ဥပဒေလိုမျိုး အာဏာတည်တဲ့အမိန့်တွေလည်း ဩဂုတ် ၁ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လာပါတယ်။

အဲဒီထဲမှာ နိုင်လွတ်လုံလို့ခေါ်တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြင်ဆင်ပြဋ္ဌာန်းခဲ့တာပါ။

ပြင်ဆင်ပြဋ္ဌာန်းတဲ့ ဥပဒေမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၂ ကို ကိုးကားပြီး နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ပုဒ်မ ၅ ၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ နေအိမ်၊အခန်း၊အဆောက်အအုံတွေအတွင်းကို တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေ သိမ်းဆည်းတာနဲ့ ဖမ်းဆီးတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ သက်သေမလိုပဲ စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပါတယ်။

ဒါ့အပြင် တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ လူတစ်ယောက်ကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခွင့်ရှိသလို ဝရမ်းမရှိဘဲ နိုင်ငံသားတစ်ယောက်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ စုံစမ်းထောက်လှမ်းတာ ဆက်သွယ်ပြောဆိုမှုမှာလည်း ကြားဖြတ်နားထောင်တာ အချက်အလက် တောင်းယူတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ဖျက်ဆီးတာတွေလည်း လုပ်ခွင့်ပြုတဲ့ သဘောပါ။

ဒီဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်တော်တွေ မဖွဲ့စည်းမီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ကျင့်သုံးဆောင်ရွက်တဲ့ ကာလအတွင်းသာ မှတ်ယူရမယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတွေမှာ မူလဥပဒေပါ ပြဌာန်းချက်တွေအတိုင်း အကာအကွယ်မရရှိတာဟာ အခုချိန်မှ မဟုတ်ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က နိုင်ငံ့အာဏာကို ရယူပြီးချိန်ကတည်းက စစ်ကောင်စီဟာ အခုလိုမျိုးပဲ ဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့တာဖြစ်ပြီး အခုခါမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆက်လက်လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းတုန်းကလည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းခဲ့သလို ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ဇူလိုင် ၃၀ ရက်နေ့မှာ အသက်သွင်းခဲ့ပါသေးတယ်။

အဲဒီဥပဒေတွေမှာ ပြဌာန်းထားတဲ့ ပုဒ်မတွေကို ဖောက်ဖျက်တာဖြစ်စေ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်တာဖြစ်စေ အနည်းဆုံး ထောင်ဒဏ် ၁ လကနေ ငွေဒဏ်ဖြစ်စေ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ သေဒဏ်ချမှတ်မှာဖြစ်လို့ နိုင်ငံအတွင်း နေထိုင်သူတွေအတွက် အကြပ်ရိုက်စေခဲ့တာပါ။

ဒီလိုမျိုး ဥပဒေတွေ ရှိနေတဲ့အပေါ် စစ်ဘက်ကနေ အရပ်ဘက်ကို ပြောင်းရွေ့လာတဲ့ အသစ်စက် စက် ဝန်ကြီးချုပ် ဦးညိုစောက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားကြဖို့နဲ့ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြဖို့ သတိပေးတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.