ဝါရှင်တန်၊ ဇူလိုင် ၂၅
မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ချီးကျူးထားပြီး အခွန်တွေ လျှော့ချဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့ စာရေးပေးပို့ တောင်းဆိုခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က ရုတ်သိမ်းလိုက်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၄ ရက် ဆုံးဖြတ်ချက်မှာ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးရတဲ့ အကြောင်းရင်းကို ဖော်ပြမထားပါဘူး။

စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့အတွက် အရင်က အမည်ပျက်စာရင်းသွင်းထားခဲ့တဲ့ ကုမ္ပဏီ လေးခုနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကို အမေရိကန်က ပြန်လည် ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းပေးလိုက်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကတော့ KT Services & Logistics ကုမ္ပဏီနဲ့ တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group နဲ့ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီနဲ့ ပိုင်ရှင် စစ်တိုင်းအောင်တို့အပြင် စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ တင်လတ်မင်းတို့ ဖြစ်ပါတယ်။
KT Services & Logistics နဲ့ပိုင်ရှင်တို့ကို အမေရိကန်က ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ဒဏ်ခတ်ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို သမ္မတဟောင်း ဘိုင်ဒန်အစိုးရရဲ့ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်း အဖြစ် အဲဒီလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦးတို့ဟာ စစ်တပ်ရဲ့ ကာကွယ်ရေးကဏ္ဍမှာ ပါဝင်ပတ်သတ်နေမှုကြောင့် အဲဒီနှစ်မှာပဲ အမေရိကန်က အမည်ပျက်စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။
တင်မောင်လတ်ကိုတော့ အဲဒီ စာရင်းမှာ ၂၀၂၄ ခုနှစ်အတွင်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရတဲ့ အကြောင်းရင်းကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မဖော်ပြသလို အိမ်ဖြူတော်ကလည်း ဖြေရှင်းချက် မပေးပါဘူး။
မြန်မာ ပို့ကုန်တွေအပေါ် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း ထရန့်ရဲ့ အသိပေးစာကို တုံ့ပြန်ရာမှာ မင်းအောင်လှိုင်က ထရန့်ကို ချီးကျူးထားပြီး အခွန်တွေ လျှော့ပေးဖို့ တောင်းဆိုတဲ့ ပြန်စာ တစ်စောင် ပေးပို့ခဲ့ပြီးနောက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အခုလို လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref:Reuters

