သီပေါ၊ ဇူလိုင် ၁၅

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

မနေ့ ဇူလိုင် ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ သီပေါမြို့ရှိ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး လေးလုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်မြို့ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် ပြည်သူလူထု ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ကစလို့ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ သီပေါမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သား ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာပြီး စာသင်ကျောင်း၊ ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၇၀ ထက်မနည်း ထိမှန်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.