ရေး၊ ဇူလိုင် ၁၂

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ကင်းပုန်းစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန် ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီကင်းပုန်းစခန်းကို ဇူလိုင် ၁၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ တော်လှန်ရေးမဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန် နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန် ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် KNLAတပ်ရင်း(၂၇) တပ်ခွဲ(၁) တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွေးကောက်ပွဲအတွက် တပ်အင်အား တိုးမြှင့်ပြီး ကင်းပုန်းဝပ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.