နေပြည်တော် ၊ ဇူလိုင် ၆
ဒီဇင်ဘာမှာ စစ်ကောင်စီကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အပြည့်အဝ ပူးပေါင်းပါဝင်ဖို့ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်မှုအပေါ် စိတ်မဝင်စားဘူးလို့ တော်လှန် ရေးအဖွဲ့တွေက တုံ့ပြန်ပါတယ်။
ဇူလိုင် ၅ ရက်နေ့က ထုတ်တဲ့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကို ရွေးကောက်ပွဲလမ်း ကြောင်းမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။
အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာတဲ့ လက်ကိုင်ကိုင်လမ်းစဉ်အပေါ် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေရဲ့ မျှော်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံအကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကြိုဆိုလက်ခံမယ်လို့ အသိပေးတာပါ။
နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲဖို့ ဆန္ဒရှိရင် နီးစပ်ရာတပ်စခန်းတွေ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ညိနှိုင်းဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
PDF ရဲ့ တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၃ နယ်မြေ ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူး စောဒါးကိုက စစ်တပ်ရဲ့ ယုံတမ်းစကားတွေဟာ ဟာသလို ဖြစ်နေတဲ့အတွက် ဘယ်သူမှ စိတ်မဝင်စားဘဲ စနစ်တစ်ခုကို ပြောင်းပစ်ဖို့ ဆက်လုပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထစ်ခနဲဖြစ် အာဏာသိမ်း လက်နက်ရှိ ခြိမ်းခြောက်အမျိုးမျိုးလုပ်တဲ့ ဒီလုပ်တွေရဲ့ ပြောတဲ့ ယုံ တမ်းစကားက အလကားပဲ။ ဟာသလိုပဲလေ။ ဟာသလိုဖြစ်တဲ့အတွက်လည်း ဘယ်သူမှ သူ့ကို (စစ်တပ်) ယုံကြည်လေ့မရှိဘူး။ ဘယ်သူမှလည်း စိတ်မဝင်စားဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်တယ်။ အဓိကစနစ်တစ်ခုကို ပြောင်းလဲပစ်ဖို့ ကျွန်တော်တို့ အားလုံး ရင်ဆိုင်မယ် တိုက်ခိုက်မယ် သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသားညီအစ်ကိုပေါင်းစုံ အကုန်လုံး သန္နိဌာန်ချထားပြီးသားဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ မျှော်မှန်းချက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလို့ ပြောပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းဖို့ တံခါးဝကြီးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးသာ ဖြစ်တယ်လို့ ဝါ ဒဖြန့်ထားတာပါ။
ဒေသတည်ငြိမ်မှုမရှိတာ၊ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်လို့ မိဘညီအစ်ကိုမောင်နှမတွေနဲ့ ဆွေ မျိုးသားချင်းတို့ လူမှုစီးပွားဘဝတွေ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရတာကို ထောက် ထားပြီး မျှော်မှန်းတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် လွှတ်တော်၊ အစိုးရတို့နဲ့ ဆက်လက်ညှိနှိုင်း ဆွေနွေးသွားကြရမယ်လို့ ဖော်ပြပါတယ်။
စောဒါးကိုက ဆွေးနွေးပွဲတွေ မရေတွက်နိုင်လောက်အောင် ရှိခဲ့ပေမယ့် ဒီကနေ့အချိန်အထိ ဘာတစ်ခုမှ ဖြစ်မလာတဲ့အပေါ် အခုချိန်မှာ PDF တွေကို အလင်းဝင်ဖို့ ပြောတာဟာ ဘုရားမှာ ဆုတောင်းလို့ပဲ ရမယ်လို့ တုံ့ပြန်ပါတယ်။
“ကျွန်တော်တို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရဖို့အတွက်က ဒီအာဏာရှင်ကို တိုက်ခိုက်ပြီး အာဏာ ရှင်မရှိမှဘဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးသွားလို့ရမယ်။ဆိုတော့ ဘယ်လိုပဲပြောပြော အခုချိန်မှာ မွန်ရော ကရင်ရော ဗမာရော ကျွန်တော်တို့ သက်ဆိုင်ရာ တိုင်းရင်းသားညီအစ်ကိုတွေအကုန်လုံးက တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီ။အဲဒီအတွက်ကြောင့်လည်းပဲ အခုလိုမျိုး PDF တွေ အလင်း ဝင်ဖို့ ပြောနေတဲ့ဟာတော့ အိပ်မက်ပဲလို့ ဆုတောင်းလို့ ကျွန်တော်ပြောမယ် ဆုတောင်းလို့ ဘုရားမှာ ဆုတောင်းလို့ အဲဒါလေးပဲ ပြောချင်တယ်”လို့ ဆိုပါတယ်။
တစ်ဘက်မှာ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရွေးကောက်ပွဲမှာ ပူးပေါင်းဖို့ ဖိတ်ခေါ်ရာမှာ CRPH နဲ့ NUG ကို စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရား ဆက်လက်ရယူဆုပ်ကိုင်ထားလိုတဲ့ ရွေးကောက်ခံ အစိုးရအဖြစ် စွပ်စွဲထားတာပါ။
CRPH နဲ့ NUG တို့က သူတို့ရဲ့ မဲမသမာမှုတွေနဲ့ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့မှုတွေကို ဖုံးကွယ်ကာ နိုင်ငံ့အာဏာကို ဆက်လက်ရယူထားတာလို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်မှာ ပုံဖော်ထားတာ တွေ့ရပါတယ်။
ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က CRPH နဲ့ NUG ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူတွေရဲ့ ဆန္ဒမဲကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ တရားဝင်လွှတ်တော်နဲ့ တရားဝင် အစိုးရလို့ တုံ့ပြန်ပါတယ်။
စစ်ကောင်စီကတော့ CRPH နဲ့ NUG တို့ရဲ့ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းစပျောက်သွားဖို့ မလိုဘဲ မိမိတို့ရဲ့ ယုံကြည်ချက်၊ မျှော်မှန်းချက်လမ်းကြောင်းပေါ်ရောက်ရှိရေး ဆက်လက်လျှောက်လှမ်းရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်နဲ့ အစိုးရတွေ ပေါ်ပေါက်လာရင် CRPH နဲ့ NUG တို့ရဲ့ လုပ်ဆောင်မှုတွေဟာ မိမိတို့ရဲ့ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်နေရင် မှန်ကန်တဲ့လမ်းကြောင်းကို ပြောင်းပြီး လျှောက်လှမ်းရမယ်လို့ သွေးခွဲပါတယ်။
ဦးနေဘုန်းလတ်က တော်လှန်ရေးအင်အားစုဘက်မှာ စည်းလုံးညီညွတ်မှု မပေါ်ပေါက်အောင် သွေးခွဲနေတာဖြစ်လို့ ပြည်ထောင်စုအကျိုးအတွက် ခိုင်ခိုင်မာမာ ညီညွတ်နေဖို့ အရေးကြီးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီတော်လှန်ရေးအင်အားစုဘက်မှာ စည်းလုံးညီညွတ်မှုတစ်ခု မပေါ်ပေါက်အောင် နည်းလမ်းပေါင်းစုံ ခွဲတယ်ပေါ့ဗျာ။ဒီမှာဆို CRPH NUG နဲ့ PDF ကို သွေးခွဲဖို့ ကြိုးစားတာ တွေ့ရတယ်။ဒါတွေမကဘူး NUG CRPH နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကိုလည်းပဲ သွေးခွဲတာတွေ နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့တာတွေ လုပ်နေတာ ရှိနေတယ်။အဓိက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ပြည်ထောင်စုအကျိုးစီးပွားအတွက် ခိုင်ခိုင်မာမာနဲ့ ပူးပေါင်းညီညွတ်နေဖို့ အရေးကြီးတယ်ဗျ။ဒါက ဒီညီညွတ်မှုကို ကြောက်လို့ ခွဲနေတာ ဖြစ်တယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတော်ခရီးရောက်နေသလို အစိုးရ၊ တပ်မတော်နဲ့ မျှော်မှန်းချက်တူညီပြီး ရွေးကောက်ပွဲလမ်းကြောင်းသို့ ဝင်ရောက်မယ့် နိုင်ငံရေးပါတီတွေ ၅၄ ပါတီရှိနေပြီလို့ အသိပေးထားတာပါ။
ဒီအခြေအနေမျိုးမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမယ်ဆိုရင် နိုင်ငံအ တွက် အကျိုးရှိမှာမဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန်သွားနေသလိုမျိုးသာ ဖြစ်နေမယ်လို့ အာဏာ သိမ်းမှုကြောင့် ဒီမိုကရေစီ ဆိတ်သုန်းခဲ့ရတာကို စစ်ကောင်စီက မျက်နှာပြောင်တိုက်ပြီး ဖိတ်ခေါ်ချက်မှာ ထည့်ပြောသွားခဲ့ပါတယ်။
နိုင်ငံ့အာဏာကို စစ်တပ်က တစ်ကျော့ပြန် သိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ NUG အပါ အဝင် CRPH နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာပါ။
အလားတူ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI