ဘေဂျင်း၊ ဇူလိုင် ၅

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှား စစ်ရှုံးသွားရင် အမေရိကန်က ဘေဂျင်းအပေါ် ရာနှုန်းပြည့် အာရုံစိုက်လာမှာ ဖြစ်တာကြောင့် ရုရှား ရှုံးနိမ့်မယ့်အရေး လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥရောပသမဂ္ဂ ထိပ်တန်းသံတမန်ကို ပြောကြားခဲ့ပါတယ်။

ပဋိပက္ခအတွင်း ကြားဝင် မစွက်ပါဘူးလို့ တရုတ်က လူသိရှင်ကြား ပြောဆိုထားပေမယ့် အခု ပြောဆိုမှုက သူတို့ရဲ့ အရင်က ပြောဆိုချက်နဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။

ဇူလိုင် ၂ ရက် ဘရပ်ဆဲလ်မြို့မှာ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ ကာဂျာ ကောလက်စ် ၄ နာရီကြာ တွေ့ဆုံမှုအတွင်း ဝန်ကြီး ဝမ်ယိက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်တယ်လို့ အဲဒီ တွေ့ဆုံမှုကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အရာရှိက ပြောပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှုအတွင်း ဆိုက်ဘာလုံခြုံရေး၊ မြေရှားသတ္တု၊ ကုန်သွယ်ရေး မမျှတမှုနဲ့ ထိုင်ဝမ်အရေးအပြင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေတို့ကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်း-ရုရှား စစ်ပွဲကို အမေရိကန် အာရုံစိုက်နေရတာကြောင့် အမေရိကန်အနေနဲ့ တရုတ်ဖက်ကို ဦးလှည့်မလာစေဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီး ဝမ်ယိက ပြောတာပါ။

တရုတ်က ကြားမဝင်ပါဘူးလို့ လူသိရှင်ကြား ပြောထားပေမယ့် ယူကရိန်းမှာ သူတို့ရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားရှိနေကြောင်း အခုကိစ္စက ဖော်ပြနေပါတယ်။

ယူကရိန်းနဲ့ ပတ်သက်လို့ တရုတ်အနေနဲ့ ညှိနှိုင်းဆွေးနွေး အပစ်ရပ်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှု ရယူကြဖို့ ဆန္ဒရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာအိုနင်းက ဇူလိုင် ၄ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားနဲ့ အကန့်အသတ်မရှိတဲ့ ဆက်ဆံရေး စတင်ကြောင်း ကြေညာပြီးနောက်ပိုင်း နှစ်နိုင်ငံကြား နိုင်ငံရေးနဲ့ စီးပွားရေး ဆက်ဆံရေး ပိုအားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.