ကျိုက်မရော ၊ ဇူလိုင် ၅
မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းဦးစီး ဝန်ထမ်းတွေက နေပူလှန်းတာနဲ့ရိုက်နှက်နှိပ်စက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ နိုင်ငံ ရေးအကျဉ်းသားမိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီး ဝန်ထမ်းတွေဟာ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်ထက် ပိုပြီး တင်းကျပ်တာ၊ အနိုင်ကျင့်တာ၊ အကြောင်းမရှိ အကြောင်းရှာပြီး တိုက်ပိတ်တာတွေကအစ လုပ်ဆောင်လာတာပါ။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို တခြား ပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေထက် ရပိုင်ခွင့်တွေ ကန့်သတ်ခံရတာ၊ အစားအသောက်နဲ့ ဆေးဝါးတွေကအစ တင်သွင်းခွင့် လျော့ချတာတွေကို လုပ်ဆောင်တဲ့အပြင် ဖိနှိပ်မှုအမျိုးမျိုး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးကတော့ အခုနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်မှု ပြုလုပ်လာတာဟာ စစ်တပ်ဘက်က ပြောင်းရွှေ့လာတဲ့ ထောင်မှူးကြောင့် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတယ်လို့ ပြောပါတယ်။
“အခု ထောင်မှူးက ချမ်းအေးကျော်ဆိုတဲ့သူက စစ်တပ်ကဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို စည်းကမ်းချက် ၁၈ ချက်တွေ ဘာတွေဆိုတာ မှားတယ်ဆိုရင် နေပူထဲမှာ နေလှန်းတာတို့ နေလှန်းလို့ ရှိရင် မျက်စိဖွင့်ပြီး ကြည့်ခိုင်းတယ်။ မျက်စိပိတ်ပြီးတော့ မျက်တောင်ခတ် တာတို့ ဘာတို့ ဖြစ်ရင် ရိုက်နှက်တာတို့ ညကျရင်အိပ်နေတဲ့ အချိန်တွေလာစစ်တာတို့ နောက်ပြီးတော့ နည်းနည်းလေး အမှားတစ်ခုဖြစ်တာနဲ့ တိုက်ပိတ်တာတို့၊ တင်းကျပ်တာလည်း ပါတယ်။ ကိုယ်ထိ လက်ရောက်ပေါ့နော်။ ညှဉ်းပန်း နှိပ်စက်မှုတွေ ပိုလာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်ဝင်စာတွေကို အရင်က တစ်ပတ် တစ်ကြိမ် တွေ့ခွင့်ပေးနေရာမှ လက်ရှိမှာတော့ နှစ်ပတ်မှ တစ်ကြိမ်အဖြစ် ကန့်သတ်လိုက်တာ၊ ရောဂါအခံ ရှိတဲ့သူတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးတွေ တင်သွင်းခွင့် မပြုတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ပစ္စည်းပေးပို့တဲ့ နေရာမှာလည်း အရင်လို သူငယ်ချင်း၊ မိတ်ဆွေတွေက ပေးပို့ခွင့်မရှိတော့ဘဲ မိသားစုဝင်သာ ပေးပို့ခွင့်ရှိပြီး မိသားစုဝင် ဟုတ်မဟုတ်ကိုတော့ မှတ်ပုံ တင်စစ်ဆေးတာ၊ အိမ်ထောင်စု စာရင်းတွေပါ တင်းတင်းကျပ်ကျပ် စစ်ဆေးလာတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ရဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မ အမျိုးမျိုးနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၀ ထက်မနည်း ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AAPP