မော်စကို၊ ဇူလိုင် ၄

တာလီဘန် အုပ်ချုပ်မှုကို ရုရှားက ပထမဆုံးနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ပြီးနောက် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး အမ်မာခန်း မူစတာခီက သတ္တိရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အစ္စလာမ္မစ် အမ်းမရိတ် အာဖဂန်နစ္စတန်နိုင်ငံကို မိမိတို့ အစိုးရက တရားဝင် အသိအမှတ်ပြုကြောင်း ရုရှားသံအမတ် ဒီမီထရီ ဇာနော့ဗ်က ဇူလိုင် ၃ ရက် ကဘူးလ်မြို့မှာ ဝန်ကြီး မူစတာခီနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး အဆင့်သစ်ဖြစ်သလို အပြန်အလှန် လေးစားမှုနဲ့ အကျိုးဖြစ်ထွန်းမယ့် စေ့စပ်မှု ဖြစ်ပြီး တခြား နိုင်ငံတွေအတွက်လည်း သာဓကတစ်ခု ဖြစ်တယ်လို့ ဝန်ကြီး မူစတာခီက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် တာလီဘန်အဖွဲ့ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လက အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာကြဖို့ ဖိတ်ခေါ်နေပါတယ်။

အခုလို ဆုံးဖြတ်ချက်ကြောင့် မိမိတို့ နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို အကောင်အထည် ဖော်နိုင်မှာဖြစ်တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဇာနော့ဗ်က ပြောထားတာပါ။

ကဘူးလ်အစိုးရအနေနဲ့ အကြမ်းဖက်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေး အထောက်အကူ ဖြစ်စေဖို့ စွမ်းအင်၊ စီးပွားရေး၊ ပို့ဆောင်ရေးနဲ့ အခြေခံဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ပြောထားပါတယ်။

တစ်ကမ္ဘာလုံးက အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားခဲ့တဲ့ တာလီဘန်အဖွဲ့ အာဖဂန်နစ္စတန်မှာ အာဏာရလာချိန် ကဘူးလ်ရှိ သံရုံးကို မပိတ်ဘဲ ထားတဲ့ လက်တစ်ဆုပ်စာနိုင်ငံတွေထဲမှာ ရုရှားလည်း ပါဝင်ပါတယ်။

တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားရာကနေ ယခုနှစ် ဧပြီလမှာ ရုရှားက ပယ်ဖျက်ပေးခဲ့ပြီး တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ လမ်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

တာဘီဘန်အစိုးရဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် မဟာမိတ် ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့နှစ်မှာ ပြောကြား ထားပါတယ်။

၁၉၇၉ ခုနှစ်မှာ ဆိုဗီယက် ယူနီယမ်က အာဖဂန်နစ္စတန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ၉ နှစ်ကြာ စစ်ပွဲအတွင်း စစ်မှုထမ်း ၁၅၀၀၀ ကျော် သေဆုံးခဲ့တာကြောင့် နှစ်နိုင်ငံကြား ရှုပ်ထွေးတဲ့ သမိုင်းကြောင်း ရှိနေတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.