မော်စကို၊ ဇူလိုင် ၄

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ စစ်ပွဲအတွင်း သူ့ရဲ့ ရည်မှန်းချက်များ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကရင်မလင် နန်းတော်က ပြောကြားထားချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ပူတင်နဲ့ ဆွေးနွေးမှုမှာ တိုးတက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ဇူလိုင် ၃ ရက်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းသို့ လက်နက် တချို့ ပေးပို့မှုကို ဝါရှင်တန်က ရပ်ဆိုင်းလိုက်ပြီးနောက် သုံးနှစ်ကျော်ကြာ စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်နေချိန် ထရန့်ရဲ့ အခုလို သုံးသပ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ အပါအဝင် အီရန်ကိစ္စနဲ့ ပတ်သက်လို့ ပူတင်နဲ့ အချိန်တော်တော်ကြာ ဆွေးနွေးခဲ့ပြီး မိမိအနေနဲ့ ပျော်ရွှင်ကျေနပ်မှု မရှိဘူးလို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်စေရေး သဘောတူညီမှု ရရှိခါနီးပြီးလားဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထရန့်က ပူတင်နဲ့ ဆွေးနွေးမှုအတွင်း တိုးတက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ပြောကြားခဲ့တာပါ။

ဖုန်းခေါ်ဆိုမှု ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး သမ္မတ ပူတင်က ယူကရိန်း စစ်ပွဲအတွင်း သူ့ရဲ့ ရည်မှန်းချက်တွေကို လက်မလျှော့ဘဲ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ထရန့်က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစလို့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ရုရှားက သိမ်းပိုက်ထားပါတယ်။

ပူတင်က သူ့ရဲ့ ရည်မှန်းချက်တွေ ပြီးမြောက်တဲ့အထိ စစ်ပွဲ ဆက်လက် ဆင်နွှဲသွားမယ်လို့ ပြောထားပေမယ့် အနာဂတ် ဆွေးနွေးမှုတွေမှာ ဆက်လက် ပါဝင်သွားမယ်လို့ ပြောကြောင်း ထရန့်က ပြောပါတယ်။

ယူကရိန်းမှာ အပစ်အခတ် ရပ်စဲရေး အမေရိကန်က အဆိုပြုထားတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပေမယ့် ရုရှားက ပယ်ချထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.