ဝါရှင်တန်၊ ဇူလိုင် ၃
လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယားစီမံကိန်းဟာ နှစ်နှစ်အထိ အဆင့်လျော့ကျသွားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဇူလိုင် ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
အများပြည်သူသို့ ပေါက်ကြားခဲ့တဲ့ ကနဦး လေ့လာမှုမှာ အမေရိကန် တိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှု အတိုင်းအတာကို လျှော့ချထားတာ တွေ့ရပေမယ့်လည်း ပင်တဂွန်ရဲ့ ပြောဆိုချက်အရ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ရည်မှန်းတဲ့အတိုင်း ရလဒ်ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က အီရန် နျူကလီးယား စီမံကိန်း နှစ်နှစ်အထိ အဆင့်လျော့သွားနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားပေမယ့် သူ့ရဲ့ ပြောဆိုမှုအတွက် အထောက်အထားကိုတော့ ဖော်ပြမသွားပါဘူး။
အမေရိကန် စစ်တပ် ဗုံးကြဲ လေယာဉ်တွေက ဇွန် ၂၂ ရက်မှာ အီရန် နျူကလီးယား စက်ရုံသုံးခုကို ဗန်ကာဖျက်ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ပြီးနောက် ချက်ချင်းဆိုသလိုပဲ သမ္မတ ဒေါ်နယ်ထရန့်က အီရန် နျူကလီးယားစီမံကိန်းကို ရှင်းလင်းလိုက်ပြီလို့ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ပေါက်ကြားလာတဲ့ ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် နျူကလီးယားစက်ရုံတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားပေမယ့် နျူကလီးယားစီမံကိန်းကို အီရန်အနေနဲ့ လပိုင်းအတွင်း ပြန်စနိုင်စွမ်းရှိနေသေးတယ်လို့ ဖော်ပြထား ပါတယ်။
အဲဒီလိုမျိုး သုံးသပ်ဖို့က အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းအနေနဲ့ သီတင်းပတ်နဲ့ချီပြီးတော့ ဒါမှမဟုတ် အဲဒီထက်အချိန် ပိုယူရနိုင်ပါတယ်။
ကုလသမဂ္ဂ အဏုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီက အီရန်အနေနဲ့ ယူရေနီယံ သန့်စင်မှုတွေကို လပိုင်းအတွင်း ပြန်စတင်နိုင်တယ်လို့ ပြောထားပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှု မတိုင်ခင် အီရန်က သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို မြေအောက် အတွင်းနက်နက် တစ်နေရာမှာ သိုဝှက်ထားပြီ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အမေရိကန် တိုက်ခိုက်ပြီးနောက်ပိုင်း အီရန်မှာ ရေဒီယို သတ္တိကြွမှုတွေ မတွေ့ရဘူးလို့လည်း နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောဆိုထား ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် နျူကလီးယား စက်ရုံတွေ ပြင်ပြင်းထန်ထန် ပျက်စီးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters