ရေး၊ ဇွန် ၁၈

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF ကနေ ထုတ် ပယ်ထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ YPDF ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ အသက် ၄၀ အရွယ် YPDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ကိုဖိုးတုတ်ကို စစ်ကောင်စီတပ်က မော့ကနင်ကျေးရွာ အမှတ် ၂ ရပ်ကွက်ရှိ မိဘဖြစ်သူ နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ YPDF တပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ကိုဖိုးတုတ်ကို မော့ကနင်ကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကိုဖိုးတုတ်ဟာ အရင်က YPDF တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး တပ်စည်းကမ်းမလိုက်နာတာကြောင့် တပ်က ထုတ်ပယ်ထားတာ နှစ်နှစ်လောက်ရှိပြီလို့ YPDF တာဝန်ခံ ဗိုလ်ရန်နိင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကိုဖိုးတုတ်ဟာ YPDF ကနေ ထုတ်ပယ်ထားပြီးနောက် သူပိုင် ရော် ဘာခြံထဲမှာ နေထိုင်ပြီး ရော်ဘာလုပ်ငန်းကိုသာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.